၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ထူးခြားစွာ ကျင်းပ

  • 19 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီနှစ် အခမ်းအနားကို ပါတီတွေနဲ့ လူထု လူတန်းစား အလွှာ အသီးသီးကို တက်ရောက် ဂါဝရ ပြုခွင့်ပေး

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အမျိုးသား ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အစိုးရက ဦးစီးပြီး နိုင်ငံတော် အခမ်းအနား အနေနဲ့ ကျင်းပခဲ့ပါတယ်။

ဒီနှစ် အခမ်းအနားကို ပါတီအသီးသီးနဲ့ လူထု လူတန်းစား အလွှာအသီးသီးကို လာရောက် ဂါဝရ ပြုခွင့် ပေးခဲ့ပြီး၊ နှစ်ပေါင်းများစွာ အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် အစိုးရ ရုပ်သံ နဲ့ ပုဂ္ဂလိက သတင်း မီဒီယာတွေ ကနေ တိုက်ရိုက် ထုတ်လွှင့် ပြသ သွားခဲ့တာကို ထူးထူး ခြားခြား တွေ့မြင်ရ ပါတယ်။

ဒုတိယသမ္မတ စိုင်းမောက်ခမ်းက အစိုးရ အဖွဲ့ ကိုယ်စားပြု တက်ရောက်ပြီး လွမ်းသူ့ပန်ခွေချ အလေးပြုခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ဦးအောင်ဆန်းဦးတို့ သီးခြားစီ လွမ်းသူ့ပန်ခွေချ ဂါဝရ ပြုခဲ့ပါတယ်။

အဲဒီနောက် ကျဆုံးသွားသူ အာဇာနည်တွေရဲ့ မိသားစုတွေကလည်း လွမ်းသူပန်းခွေချ ဂါဝရပြု ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ သီးခြားစီ လွမ်းသူ့ပန်ခွေချ ဂါဝရ ပြုခဲ့

အာဇာနည် ဗိမာန်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ NLD ဌာနချုပ်ရုံးမှာလည်း အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

နိုင်ငံတဝန်းမှာလည်း NLD အပါအဝင် အဖွဲ့ အစည်းအသီးသီးနဲ့ ကျောင်းသားတွေ ကနေ အာဇာနည်နေ့ အခမ်း အနား တွေကို ကျင်းပခဲ့ရာ အာဏာပိုင်တွေထံ တင်ကြို ခွင့်ပြုချက် တောင်းခံ ခဲ့ရပါတယ်။ တချို့နေရာ တွေမှာတော့ အာဏာပိုင် တွေက ကန့်သတ်မှုတွေ လုပ်ခဲ့တယ်လို့ လည်း သတင်းရရှိပါတယ်။

စစ်တပ်က အုပ်ချုပ်ခဲ့စဉ် နှစ်များ အတွင်း အာဇာနည်နေ့ အခမ်းအနား တွေကို အဖြစ်သာ ကျင်းပနေ ခဲ့ရာက၊ အခုနှစ် မှာတော့ အစိုးရက ဦးစီးပြီး အခုလို ထူးထူး ခြားခြား ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုလို တခမ်းတနား ပြုလုပ်ပေးတဲ့အပေါ် ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကတော့ အစိုးရဟာ လူထုဆန္ဒကို ကြည့်ပြီး၊ လမ်းမှန်ပေါ် ရောက်လာနေပြီလို့ ယူဆလို့ ရကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ