နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ က ရိုဟင်ဂျာ အရေး ဝေဖန်

  • 20 ဇူလိုင် 2012
rakhine sittwe ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေ မှာ လုအုပ်စုလိုက် အကြမ်းဖက်မှု တွေ ကြောင့် အိမ်တွေ က နေတိမ်းရှောင် ရတဲ့ သူတွေ

ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာထားတာဟာ အာဏာပိုင်တွေကို လူ့အခွင့်အရေးချိုးဖောက်ဖို့ လိုင်စင် ပေးလိုက်သလိုပဲ လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ က မြန်မာနိုင်ငံ ဆိုင်ရာသုတေသီ ဘင်ဂျမင်ဇာဝါကီ က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင် တွေဟာ လူမျိုးရေး ဘာသာရေး မခွဲခြားဘဲ မတရားတိုက်ခိုက်ခံရတဲ့ ဘယ်သူ့ကို မဆို အကာအကွယ်ပေးရမှာဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုတယ်လို့ သူကပြောခဲ့ပါတယ်။

အာဏာပိုင်တွေဟာ အဲဒီလို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ် လို့ သူက ဆိုပါတယ်။

တချို့ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ က လူမျိုးစု အကြမ်းဖက်မှုတွေကို မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲ နေတာတွေရှိတယ်၊ ကိစ္စအများစုမှာ ရိုဟင်ဂျာ တွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာတွေ ဖြစ်တယ် လို့ သူ ကဆိုပါတယ်။

အထူးသဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ နဲနဲအေးသွားတဲ့ ကာလမှာ ရိုဟင်ဂျာ အမျိုးသားတွေ နဲ့လူငယ် ယောက်ျားလေးတွေ ကို အစုလိုက် အပြုံလိုက် ဖမ်းဆီးပြီး နောက်ပိုင်းမှာ သူတို့ကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံ ခဲ့တာတွေ ရှိပါတယ် လို့ ဘင်ဂျာမင်ဇာဝါကီ ကပြောသွားပါတယ်။

မြန်မာအစိုးရရဲ့ ကိန်းဂဏန်းတွေအရ လူ ၅ သောင်း လောက် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ကုလသမဂ္ဂအဖွဲ့ အစည်းတွေဖက်ကတော့ လူ ကိုးသောင်းလောက်အထိရှိတယ်လို့ ခန့်မှန်းချက် နှစ်ခု ကြား ကွာဟမှု ကြီးမား တာကို ထောက်ပြ ပြီးဒါဟာ မြန်မာအစိုးရက သီးခြား လွတ်လပ်တဲ့ လေ့လာသူတွေ နဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ ကို အဲဒီဒေသမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မပေးတာကြောင့် ဖြစ်တယ်လို့လည်း Amnesty International ရဲ့ကြေညာချက် မှာ ဆိုထားပါတယ်။

မြန်မာအစိုးရအနေ နဲ့ ရိုဟင်ဂျာတွေ နိုင်ငံမဲ့သူတွေ အဖြစ် ဆက်မဖြစ်နေအောင် ၁၉၈၂ ခုလူဝင်မှုကြီးကြပ်ရေး ဥပဒေကိုပြင်ဆင်သင့်တဲ့ အကြောင်းလည်း Amnesty Internation အဖွဲ့ က တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရဖက် က အကြမ်းဖက်မှု ထိမ်းသိမ်းရေးအတွက် တာဝန်ရှိတဲ့ အရာရှိ တဉီး ဖြစ်သူ ဦးဝင်းမြိုင် ကတော့ Amnesty International အဖွဲ့ ရဲ့ စွပ်စွဲချက် တွေ ဟာ အခြေအမြစ် မရှိဘူး ဆိုပြီး ပယ်ချ ခဲ့ပါတယ်။

အခုလို ကာလ မှာပဲ စစ်တွေ မြို့ပြင်ပိုင်း မင်းဂံရ ပ်ကွက် အကွက် ၁၁ နဲ့ ၁၂ ကို သောကြာနေ့ ညနေပိုင်းက အရေအတွက် ရာချီတဲ့ မူဆလင် အုပ်စုကြီးတစု က ဝင်ရောက်ပြီး ရပ်ကွက်သားတွေ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ တွေ ရောက်လာပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ ရတယ်လို့ ဒေသခံတွေ နဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထိခိုက် ဒဏ်ရာရမှု တချို့ ရှိခဲ့ပြီး အဖမ်းအဆီးတွေလည်း ရှိခဲ့တယ်လို့ သိရပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။