ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

  • 21 ဇူလိုင် 2012
Image caption ၆၄ ကြိမ်မြောက် ချင်းပြည်နယ်နေ့ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးစ အချိန်က ပြဌာန်းခဲ့တဲ့ ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဥပဒေ ပညာရှင်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟာခါးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

ချင်းပြည်နယ်ကို အင်္ဂလိပ်ကိုလိုနီတွေက ပြည်နယ် အဆင့် မဟုတ်ဘဲ ဝိသေသတိုင်း တခု အဆင့်ပဲ ပေးထားတာ ဖြစ်ကြောင်း၊ ဒီအတွက် သီးခြား ရေးစွဲထားတဲ့ အခု အက်ဥပဒေကို ပြန်လည် ပြင်ဆင်တာ ဖြစ်ပါတယ်။

အခုခေတ်နဲ့ ကိုက်ညီမှု မရှိတော့တဲ့ ဥပမာ စျေးနှုန်း သတ်မှတ်ချက် တွေနဲ့ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ နောက် ဘိုးဘေး ဘီဘင်က ပိုင်ဆိုင် ခဲ့တဲ့ လယ်မြေတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ စတာတွေကို ပြင်ဆင်ဖို့ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့ သူ ချင်းပြည်နယ်ရေးရာ လွှတ်တော် ကော်မတီ အဖွဲ့ရဲ့ ဥပဒေပြု ကော်မတီ ဥက္ကဌလည်းဖြစ် CPP ချင်းတိုးတက်ရေး ပါတီက ဦးနာထန်းက ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေ ကတော့ ယဉ်ကျေးမှု အပိုင်းတွေကို အဓိက ထားဆွေးနွေးခဲ့ပြီး၊ ဥပဒေ ပညာရှင်တွေကတော့ တခြားကိစ္စရပ် တွေကို ဆွေးနွေးတာ များတယ်လို့လည်း သူက ပြောပါတယ်။

ရှေ့လကုန် လောက်မှာ နောက်ထပ် ဆွေးနွေးပွဲ ထပ်လုပ်ဖို့ ရှိတယ်လို့လည်း ဦးနာထန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ