သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ခရီးစဉ် စတင်

  • 22 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ် ကို ဆိုက်ရောက်လာ

သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အတူ ထိုင်းနိုင်ငံကို လိုက်ပါ သွားတဲ့ ကိုယ်စားလှယ်အဖွဲ့မှာ စွမ်းအင် ဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး၊ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး၊ လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီးတွေ အပါအဝင် ဝန်ကြီး ၇ ဦး၊ ဒုဝန်ကြီး ၃ ဦး ပါဝင်တာကို ကြည့်ရင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အတော်အလေးထားလိမ့်မယ်လို့ယူဆနိုင်ပါတယ်။

တနင်္ဂနွေနေ့ ခရီးစဉ် အစပိုင်းမှာဘဲ မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ဆက်သွယ်ဖို့ စီစဉ်ထားတဲ့ ဘန်ကောက်မြို့ တောင်ပိုင်း ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ ချောင်ဘူရီ ပြည်နယ်က လမ်မ်ချာဘန် ရေနက်ဆိပ်ကမ်းကို သွားရောက် ခဲ့ပါတယ်။

မနက်ဖြန် တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုတွေနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတရပ်ကို လက်မှတ် ရေးထိုးကြဖို့ ရှိပါတယ်။

အဲဒီစာချုပ်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက် တွေလည်း ပါလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံက ကုန်သည်နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းက ကိုယ်စားလှယ်တွေလည်း လိုက်ပါသွားပြီး မနက်ဖြန်မှာ ထိုင်းမြန်မာ စီးပွားရေး ကောင်စီက မြန်မာသမ္မတနဲ့ အဖွဲ့ကို နေ့လည်စာနဲ့ ဧည့်ခံရင်း တွေ့ဆုံကြဖို့ရှိပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ ၄ ဒဿမ ၅ ဘီလျံရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကြောင့် အနောက်နိုင်ငံက ပိတ်ဆို့ အရေးယူ မှုတွေ လျှော့ပေးလာတဲ့အချိန်မှာ ထိုင်းနိုင်ငံက မြန်မာနဲ့ ကုန်သွယ်ရေးမှာရော၊ ရင်းနှီး မြှုပ်နှံမှုတွေကိုပါ တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ နောက်ထပ် ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီး မြှုပ်နှံမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ PTT ထိုင်းရေနံကုမ္ပဏီ အကြီးအကဲနဲ့လည်း ဒီခရီးစဉ်အတွင်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဖက်ကို တရားမဝင် ကျူးကျော်လို့ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၀ ကျော်ရဲ့ အရေးကိုလည်း ဒီခရီးစဉ်အတွင်းမှာ ထိုင်းအစိုးရဖက်က ဆွေးနွေးလိမ့် မယ်လို့ ထိုင်းသတင်းထောက်တွေက ခန့်မှန်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ