သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ပွဲကျင်းပ

  • 23 ဇူလိုင် 2012
Hmaing
Image caption ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆန္ဒ

စာပေအနုပညာရှင်၊ သတင်းစာပညာရှင်နဲ့ နိုင်ငံရေး ခေါင်းဆောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၄၈ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမမှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

တော်ဝင် နှင်းဆီခန်းမ မှာ ကျင်းပသမျှ ပွဲတွေထဲမှာ အစည်ကားဆုံး ဖြစ်ပြီး ခန်းမ အပြင်ဘက်ကို လူတွေလျှံထွက် နေခဲ့တယ်လို့ ဆိုပါတယ်။

စာရေး ဆရာ၊ နိုင်ငံရေး သမား၊ ခေတ်အ ဆက်ဆက်က ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့ ကြပါတယ်။

သခင်ကိုယ်တော်မှိုင်း အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်က ဆရာကြီးရဲ့ ဆောင်ရွက်ချက်တွေကို လူငယ် မျိုးဆက် တွေ နားလည်ကြ စေချင်လို့ ဖြစ်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒီဇိုင်း ထွန်းဝင်းငြိမ်းက ပြောပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ နယ်ချဲ့ခေတ် တလျှောက်လုံးမှာ နိုင်ငံရေး ဆောင်ရွက်ခဲ့သူ ခေါင်းဆောင်ကြီး တယောက် ဖြစ်သလို၊ လွတ်လပ်ပြီး နောက်ပိုင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သူ လည်း ဖြစ်ပေမဲ့ စစ်အစိုးရ ခေတ်တလျှောက်လုံးမှာ သူ့ဓါတ်ပုံကို မဂ္ဂဇင်း မျက်နှာဖုံး ဖော်ပြတာကို တောင် စာပေ စိစစ်ရေးက တားမြစ်ခဲ့တာ မျိုး ရှိပါတယ်။ ဒီလို ပိတ်ပင် ကန့်သတ်မှုတွေကြောင့် ဆရာကြီးရဲ့ ဆောင်ရွက်ချက်တွေ ကို လူငယ်တွေ အသိနည်းလာကြတယ်လို့လည်း ဒီဇိုင်း ထွန်းဝင်ငြိမ်းက ပြောပါတယ်။

ဒီနေ့ အခမ်းအနား ကျင်းပရာမှာ တော်ဝင်နှင်းဆီခန်းမက အခမ်းအနားနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က နှောင့်ယှက်မှုတွေ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန် ရှိရာ ရွှေတိဂုံတောင်ဘက် မုခ် အနီးက ငြိမ်းချမ်းရေး ဗိမာန်မှာတော့ ရဲနဲ့ လုံခြုံရေး အစောင့်အကြပ်တွေ ကားနဲ့ ရောက်ရှိနေခဲ့ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေက ဆရာကြီးရဲ့ ဂူကို လာရောက် ဂါဝရပြု ကန်တော့တဲ့အခါမှာတော့ ၊ ကန်တော့သူတွေကို လုံခြုံရေး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ယူတယ်လို့ ဆိုပါတယ်။