မြန်မာနဲ့ထိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

  • 23 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ၂ နာရီကြာ ဆွေးနွေးပြီး နှစ်နိုင်ငံ သေဘာတူ စာချုပ် ၃ ခုကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်

ထိုင်းနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ရှင်နဝပ်တို့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ခေါင်းဆောင်နှစ်ဦး ၂ နာရီကြာ ဆွေးနွေးခဲ့ အပြီး နှစ်နိုင်ငံ သဘောတူ စာချုပ် ၃ ခုကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် ဖွံ့ဖြိုးရေး အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ နောက် စွမ်းအင် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေး အပါအဝင် ထိုင်းနိုင်ငံ ကနေ အကူအညီ ပေးမယ့် တခြားလုပ်ငန်းတွေ အတွက် နားလည်မှု စာချွန်လွှာတွေမှာ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ထားဝယ်ရေနက် ဆိပ်ကမ်း ပူးတွဲ ဆောင်ရွက်ရေး အတွက် ဝန်ကြီးအဆင့် ပူးတွဲ ကော်မတီ ဖွဲ့ပြီး သြဂုတ်လမှာ စတင် ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဝန်ကြီးချုပ် ယင့်လတ်က ပြောပါတယ်။

နယ်စပ်ဒေသ စီးပွားရေး ဖွံ့ဖြိုးရေး အတွက် တရားဝင် နယ်စပ်ဂိတ် ဖွင့်ဖို့ ကိုလည်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ချင်းမိုင်ခရိုင် ခယူပါဝေါ့ နယ်စပ်ဂိတ်၊ မဲဟောင်ဆောင်ခရိုင် ဝေ့တွန့်နွန့် နယ်စပ်ဂိတ်၊ ကန်ချနာ့ဘူရီခရိုင် ဘန့်နမ့်ဖုရောန့် နယ်စပ်ဂိတ်တို့ ဖြစ်ကြပြီး ရတ်ချဘူရီခရိုင် တကိုးဘွန်း နယ်စပ်မှာ လည်း ယာယီ နယ်စပ်ဂိတ် ဖွင့်ဖို့ ထိုင်းဘက်က ပြင်ဆင် နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေးကို ထိုင်းဘက်က ကူညီ ဆောင်ရွက် ဖို့ရှိတဲ့ အကြောင်းနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ် နေတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံ ဥပဒေ အတိုင်း အခွင့်အရေးတွေ ရရှိအောင် စောင့်ရှောက်မယ်လို့ ဝန်ကြီးချုပ် ယင့်လတ်ခ်က သမ္မတဦးသိန်းစိန်ကို ကတိပေးခဲ့ပါတယ်။

မနက်ဖြန်မှာတော့ သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ