အချိုးကျ ကိုယ်စားပြုစနစ် ပါတီဆယ်ခု အကြံပြု

  • 24 ဇူလိုင် 2012
parliament ဓာတ်ပုံ မူပိုင် AP
Image caption အခု အဆိုပြုချက်ဟာ ပါတီသေးလေးတွေ လွှတ်တော်မှာ ပြေရေးဆိုခွင့် ပိုရှိစေမယ် မျှော်လင့်ကြ

မြန်မာ နိုင်ငံက ရွေးကောက်ပွဲ စနစ်မှာ proportional representation ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ပါတီ ဆယ်ပါတီက ပြည်ထောင်စု ကော်မရှင်ဆီကို အကြံပြု ထားပါတယ်။

ခုလာမယ့် သောကြာနေ့ ဇူလိုင် ၂၇ ရက်မှာ ဒီကိစ္စ နေပြည်တော်မှာ သွားဆွေးနွေးမယ်လို့ သတင်း ရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ရှမ်း၊ ချင်းနဲ့ မွန် ပါတီတွေနဲ့ တခြား ပါတီတွေက ကိုယ်စားလှယ်တွေ ကြိုတင် ညှိနှိုင်းခဲ့ပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ စနစ်က မဲဆန္ဒနယ် တခုမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်းတွေထဲက မဲအများဆုံး ရသူဟာ အမတ် တန်းဖြစ်ပါတယ်။

ဒါပေမယ့် အနိုင်ရသူ ကိုယ်စားလှယ်နဲ့ အရေးနိမ့်သူ ကိုယ်စားလှယ်တို့ မဲရရှိမှု ကပ်နေတယ်ဆိုရင် ဥပမာ ၅၁ ရာခိုင်နှုန်းနဲ့ ၄၉ ရာခိုင်နှုန်းလို အနေအထားမျိုးနဲ့ အနိုင်ရခဲ့တာဆိုရင် ဒီလွှတ်တော် ကိုယ်စားလှယ်ဟာ မဲဆန္ဒနယ်က လူတဝက် သာသာလေးကိုပဲ ကိုယ်စားပြုတဲ့ အနေအထားမှာပဲ ရှိပါတယ်။

တဘက်မှာ အခု အဆိုပြုထားတဲ့ အချိုးကျ ကိုယ်စားပြု စနစ်အရတော့ တနိုင်ငံလုံး အတိုင်းအတာ ဒါမှမဟုတ် တိုင်းဒေသ တခုလုံး အတိုင်းအတာကို ယူပြီး ဒီတိုင်း ဒေသ တခုလုံးမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ထည့်မဲ စုစုပေါင်း အရေအတွက်တို့ကို အချိုးချပြီး လွှတ်တော်ကို ဘယ်ပါတီက ကိုယ်စားလှယ် ဘယ်နှစ်ယောက် စေလွှတ်ခွင့်ရမလဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဥပမာ တိုင်းဒေသတခုမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် လေးဆယ် ရှိပြီး ထည့်မဲ လေးသိန်း ရှိတယ်ဆိုရင် ပါတီ တခုဟာ မဲတသောင်း ရတာနဲ့ ကိုယ်စားလှယ် တယောက် လွှတ်တော်ကို စေလွှတ်နိုင်မယ့် အနေအထားကို ရမှာ ဖြစ်ပါတယ်။

ဒီနည်းဟာ လူတွေရဲ့ မဲဆန္ဒကို ပိုပြီး တိတိကျကျ ထင်ဟပ်စေမှာ ဖြစ်တယ်လို့ ခု အစည်းအဝေးတွေမှာ ဝင်ဆွေးနွေးနေတဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ဉီးသုဝေက ဘီဘီစီကို ပြောပြပါတယ်။

ဒီစနစ်ဟာ ပါတီသေးလေးတွေကို လွှတ်တော်ထဲ ပြောရေးဆိုခွင့် ပိုရှိစေနိုင်မယ်လို့ ယူဆကြပါတယ်။