ဒေါ်စု လွှတ်တော်မှာ စကားပြော

  • 25 ဇူလိုင် 2012
aung san ဓာတ်ပုံ မူပိုင် BBC World Service
Image caption တိုင်းရင်းသား အရေး ဒေါ် စု လွှတ်တော်မှာ ပြော

တိုင်းရင်းသား လူနည်းစု အခွင့်အရေး ကာကွယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းရေး နဲ့ ပတ်သက်ပြီး ဒေါ် အောင်ဆန်းစုကြည် က လွှတ်တော်မှာ ပထမဆုံး အကြိမ် စကားပြော ခဲ့တယ်လို့ သိရပါတယ်။

အာဏာရ ကြံ့ခိုင်ရေး ပါတီက ဦးတီခွန်မြတ် တင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုကို ထောက်ခံ ဆွေးနွေး ခဲ့တာပါ။

လူမျိုးစု ပဋိပက္ခ တွေကြောင့် ဖြစ်ရတဲ့ စစ်မီးတွေ မငြိမ်းသေးဘဲ ပြည်နယ် တွေမှာ ဖွံ့ဖြိုးမှု နှေးကွေး နေတာကို ပြုပြင်ရမယ် လို့ သူက ဆိုပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ တိုင်းရင်းသား လူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ် မှတ်မှတ် အဓိပ္ပာယ် ဖော်မထားတာ ကိုလဲ ဒေါ် အောင်ဆန်း စုကြည်က ထောက်ပြ သွားပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီနိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကို ဆိုလိုတာလို့ အဓိပ္ပာယ် ဖော်ထား ပါတယ်။

တိုင်းရင်းသား အဓိပ္ပာယ် သတ်မှတ်မှု ကို တိတိကျကျ တရားဝင်အောင် လွှတ်တော်က မဖွင့်ဆိုဘဲ လူထု ဆန္ဒ ခံယူသင့်တယ် လို့ ပြည်ပ အခြေစိုက် ရှေ့နေများ ကောင်စီက ဦးအောင်ထူးက သုံးသပ် ပါတယ်။

အဲဒီ အထဲမှာ ဗမာ တွေလဲ ပါပေမယ့် ဒီ အဆိုကို ဆွေးနွေးချက် တွေက ပြည်နယ် တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး တွေကို ရည်ညွှန်း ပြောဆိုတာလို့ ဒေါ် အောင်ဆန်းစုကြည်က ဆို ပါတယ်။

ဆင်းရဲ မွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေက ပြည်နယ် တွေ ဖြစ်ပြီး အာရှ ဖွံ့ဖြိုးရေး ဘဏ် နောက်ဆုံး ကိန်းဂဏန်းတွေ အရ ချင်းပြည်နယ် နဲ့ ရခိုင် ပြည်နယ်ရဲ့ ဆင်းရဲ မွဲတေမှုနှုန်း တွေ က ၇၃.၃ % နဲ့ ၄၃.၅ % တွေ ဖြစ်ပါတယ်။

တနိုင်ငံလုံး ပျမ်းမျှ ဆင်းရဲ မွဲတေမှု နှုန်းက၂၅.၆ % ဖြစ်တာကြောင့် ပြည်နယ်တွေရဲ့ ဆင်းရဲ မွဲတေမှု ရာခိုင်နှုန်း မြင့်နေတယ် ဆိုတာ မြင်ရတယ် လို့ ဒေါ် အောင်ဆန်း စုကြည်က အလေးပေး ပြောဆိုပါတယ်။

တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုတာ ဘာသာ စာကား ၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်း တွေထက် များစွာ ကျယ်ပြန့် နက်နဲတယ် လို့ သူက ဝေဖန် ထောက်ပြ ခဲ့ပါတယ်။

ပင်လုံ စိတ်ဓာတ် တန်းတူ ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေး တို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်လာအောင် လွှတ်တော် ကိုယ်စားလှယ် အားလုံး ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသား အခွင့်အရေးတွေ ကာကွယ်တဲ့ ဥပဒေတွေ ပြုပြင် ပြဋ္ဌာန်း ပေးဖို့ ဒေါ် အောင်ဆန်း စုကြည်က တိုက်တွန်း ထောက်ခံ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ