ချင်းမိုင်ကျောင်း ထိုင်းဘုန်းကြီး ကျောင်းမထိုင်

  • 27 ဇူလိုင် 2012
Ying Luck Thein Sein ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းမြန်မာ ခေါင်းဆောင်တွေ တွေ့ဆုံတုန်း ချင်းမိုင် ကျောင်း ကိစ္စ ဆွေးနွေးခဲ့

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်က မြန်မာ နိုင်ငံသားများ အဓိက ကိုးကွယ် အားထားကြတဲ့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းကို ထိုင်းသံဃာတွေ အစား မြန်မာ ကျောင်းထိုင် ဆရာတော်တွေကို ဆက်လက် ကျောင်းထိုင် တာဝန်ယူခွင့် ပြုမယ်လို့ စုံစမ်း သိရှိ ရပါတယ်။

ချင်းမိုင် မြို့လယ်ခေါင်က ချင်းမိုင်ကျုံးကြီး အနောက်မှာ တည်ရှိတဲ့ ဝပ်ဆိုင်းမွန်း ကျောင်းဟာ ဧက ၇ ဧက လောက် ကျယ်ဝန်းပြီး မုဉ်ဝမှာ မြန်မာလို စာတန်းထိုးထားပါတယ်။

အထဲက အဆောက်အဉီ ဒီဇိုင်းတွေဟာ မြန်မာ့ ပုံစံ၊ မြန်မာ့ဟန်ဖြစ်ပြီး ကြည့်လိုက်တာနဲ့ မြန်မာကျောင်းပုံစံ ပေါ်လွင်တယ်လို့ ဘီဘီစီ သတင်းထောက် နန်းချယ်ရီခမ်းက ပြောပါတယ်။

ဒီကျောင်းကို လွန်ခဲ့တဲ့ နှစ်လေးရာ့ငါးဆယ်က ဘုရင့်နောင်မင်း ချင်းမိုင်ကို လာရောက် သိမ်းပိုက်တုန်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲဒီ ကတည်းက ကနေ့ထိ ကျောင်းထိုင်အဖြစ် မြန်မာနိုင်ငံသား ကျောင်းထိုင် ဘုန်းတော်ကြီးတွေပဲ တာဝန် ယူခဲ့ပါတယ်။

ထိုင်းမှာ လာ အလုပ်လုပ်တဲ့ မြန်မာ နိုင်ငံသားတွေ အတွက် မြန်မာလို သီလပေး တရားနာနိုင်တဲ့ တခုတည်းသော ကျောင်းဖြစ်ပါတယ်။

ထိုင်းကျောင်းတွေမှာ ထိုင်းဆရာတော်တွေ ကျောင်းထိုင်တဲ့ အတွက် ထိုင်းစကား ကောင်းကောင်း မတတ်တဲ့ မြန်မာတွေ အတွက် အင်မတန် အရေးပါတဲ့ကျောင်း ဖြစ်ပါတယ်။

မနှစ်က သြဂုတ်လမှာ ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူပြီးနောက် ထိုင်း ဥပဒေအရ ထိုင်းလူမျိုး ဘုန်းကြီးကိုပဲ ကျောင်းထိုင် ခန့်ရမယ်လို့ ချင်းမိုင် အာဏာပိုင်တွေက ဆုံးဖြတ်တဲ့အတွက် ထိုင်းရောက် မြန်မာတွေ ဝိုင်းဝန်း အရေးဆိုကြရာမှာ ထိုင်းက မြန်မာ သံရုံးက တာဝန်ရှိသူတွေ လာကြည့်ပြီး သမ္မတ ဉီးသိန်းစိန်ဆီ တင်ပြပေးမယ်လို့ ကတိ ပေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်နဲ့ မြန်မာ သမ္မတတို့ မကြာခင်က တွေ့ရာမှာ ဒီကိစ္စလည်း ဆွေးနွေးဖြစ်တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပြီး မြန်မာ ဘုန်းတော်ကြီးတွေကိုပဲ ကျောင်းထိုင် အဖြစ် ဆက်တာဝန်ယူစေဖို့ သဘောတူခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒါပေမယ့် တရားဝင် ကြေညာချက်တော့ ထွက်လာခြင်း မရှိသေးဘူးလို့ နန်းချယ်ရီခမ်းက ပြောပါတယ်။