ရခိုင်က လူ့အခွင့်အရေး အခြေအနေ နာဗီပီလေး စိုးရိမ်

  • 28 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တားနား

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေအတွက် အထူး စိုးရိမ်မှုတွေ ရှိတယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဆိုထားပြီး အဲဒီအတွက် လွပ်လပ် မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။

လွတ်လပ် မျှတတဲ့ စုံစမ်း စစ်ဆေးမှုတွေဆိုတာ ဘာလဲဆိုပြီး ကုလသမဂ္ဂ လူအခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောခွင့်ရသူ မစ္စတာ ရူးပက် ကိုဗေးကို မေးကြည့်တော့ ရခိုင်ပြည် အရေးအခင်းမှာ ရာဇဝတ်မှုတွေကို အစိုးရကပဲ ကျူးလွန်ခဲ့သလား ဒါမှမဟုတ် တခြားပြည်သူတွေပဲ ကျူးလွန်ခဲ့တာ ဆိုတာ စုံစမ်းသွားမယ့် အကြောင်းနဲ့ ဒီလို ကိစ္စတွေဟာ လွတ်လပ်မျှတဖို့ လိုတာကြောင့် ဘက်လိုက်မှု မရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ဖက်က တောင်းဆိုတဲ့အကြောင်း၊ အခုလို ဆိုးရွားတဲ့ အရေးအခင်းတွေ ဖြစ်ပြီးရင်တော့ အစိုးရ အဖွဲ့အစည်းမပါတဲ့ လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ နိုင်ငံအတော်များများမှာ လုပ်လေ့လုပ်ထ ရှိပါတယ် လို့ သူက ပြန်ဖြေပါတယ်။

တခါ ရခိုင်အရေးမှာ မြန်မာလုံခြုံရေးတွေက လူမျိုးရေး စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက် အတော်များများက ဘယ်လောက်အထိ ခိုင်လုံ ပါသလဲလို့ မေးကြည့်တော့ အဲဒါကြောင့် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဖို့ တိုက်တွန်းတာဖြစ်တဲ့ အကြောင်း၊ ရတဲ့ သတင်းတိုင်းက ယုံကြည်လို့ မရပေမယ့် စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ ရခိုင်ပြည်က အခြေအနေတွေဟာ တကယ်ကို စိုးရိမ်စရာ ရှိတဲ့ အကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားတဲ့ အခါကျရင်တော့ ဘယ်သူတွေက ဘာတွေကို ကျူးလွန်ခဲ့ သလဲဆိုတာကို သဲသဲကွဲကွဲ သိရမယ်လို့ သူက ပြန်ရှင်းပြခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကန်တားနားက မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကို လည်း ၁ရက်တာ သွားရောက်မယ်ဆိုတော့ သူ့ရဲ့ ခရီးစဉ်မှာ ဘာတွေကိုလက်တွေကျကျဆောင်ရွက်နိုင်မယ်ထင်လဲလို့ စုံစမ်းကြည့်တော့ မစ္စတာ ကန်တာနားဟာ မြန်မာ့အရေးမှာ အတွေ့အကြုံရင့်ကျက်သူဖြစ်တဲ့အတွက် ရတဲ့ အချိန်တို အတွင်းမှာ ဒေသခံတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ NGOs တွေ အပြင် ဒီအရေးအခင်းကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ သူတွေနဲ့ လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်လို့ ဒီခရီးစဉ်အပြီးမှာ ထူးခြားမှုတွေ ရှိမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူအခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောခွင့်ရသူ မစ္စတာ ရူးပက် ကိုဗေးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။