ပေါင်းလောင်း ရေကာတာစီမံကိန်း

  • 29 ဇူလိုင် 2012
_bbc_dam ဓာတ်ပုံ မူပိုင် bbc
Image caption မြစ်ကမ်းဘေး ကျေးရွာ ပြောင်းဖို့ ဖန်လာ

နေပြည်တော် ပျဉ်းမနားမြို့ရဲ့ အရှေ့ဘက် ၂၆ မိုင် အကွာမှာ အထက်ပေါင်းလောင်း ရေကာတာ စီမံကိန်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်းမြစ်ဘေး တလျှောက် က ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ နှစ်ထောင် နဲ့ ဒေသခံ ရှစ်ထောင်ကျော်ဟာ တခြား နေရာ ကို ပြောင်းရွှေ့ပေး ရမယ့် အနေအထား ဖြစ်နေပါတယ်။

ပေါင်းလောင်းရေကာတာ စီမံကိန်းဟာ ၂ဝဝ၅ ခုနှစ် က စတင်ခဲ့ ပြီး ဒီနှစ် ၂၀၁၂ ခု ဇူလိုင်လ မှာ တည်ဆောက်မှု အပိုင်းအရ ၉ဝ ရာခိုင်နှုန်း ပြီးနေပါပြီ။ ဒီစီမံကိန်းပြီးရင် ကျေးရွာတွေ ပြောင်းရွှေ့ ပေးရမယ်လို့ အာဏာပိုင် တွေ က ၂ဝ၁၁ ခု က အကြောင်းကြားထားပေမယ့် အခု အချိန်ထိ ပြောင်းရွှေ့ လုပ်ကိုင် စားရမယ့် နေရာ ကို သတ်မှတ် မပေးသေးတဲ့ အတွက် ရွာခံ တွေဟာ ရှေ့ရေး အတွက် စိုးရိမ် ပူပန်နေကြောင်း ရွာသား တဉီးက ဘီဘီစီ ကို ပြောပါတယ်။

ရွာခံတွေ ပိုင်ဆိုင်တဲ့ ဧကပေါင်း ၂ဝဝဝ ကျော်မှာ စပါးခင်း၊ မြေပဲခင်း နဲ့ နှစ်ရှည်ခြံ တွေ က ဧကပေါင်း ၁ဝဝဝ ကျော်ရှိပြီး လျော်ကြေးလည်း မရပဲ စွန့်လွှတ်ရမယ့် အနေ အထား ဖြစ်နေကြောင်း လည်း ရွာခံတွေ က ပြောပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၄ဝ ထုတ်လုပ်နိုင်မယ့် အထက်ပေါင်းလောင်း ဆည်စီမံကိန်း ကို မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နဲ့ ယူနန် စက်ယန္တယား သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ကိုင် နေပြီး ဥရောပ ကုမ္ပဏီ တချို့ရဲ့ နည်းပညာပိုင်း ပါဝင်ကူညီနေပုံ ကို မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက် အဖွဲ့ရဲ့ ဝက်ဘ်ဆိုက် မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရေအားလျှပ်စစ် စီမံကိန်း ၄ဂ ခု တည်ဆောက်ဖို့ အစိုးရ က လျာထားပြီး အကြီးဆုံးက ရှမ်းပြည် အရှေ့ပိုင်းက သံလွင်မြစ်ပေါ် တည်ဆောက် ထားတဲ့ တာဆန်းရေကာတာ စီမံကိန်း ဖြစ်ပါတယ်။