BBC navigation

မစ္စတာ ကင်တားနား အဖွဲ့များစွာနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 30 ဇူလိုင်လ 2012 - 16:47 GMT

မစ္စတာ ကင်တားနား အင်္ဂါနေ့မှာ ရခိုင်ဒေသကို သွားရောက်မယ်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တော်မတ်စ်အိုဟေး ကင်တားနားဟာ၊ အင်းစိန်ထောင်မှာ သေဒဏ် ချမှတ်ခံထားရတဲ့ ကိုဖြိုးဝေအောင်ကို သွားတွေ့ခဲ့ သလို ၈၈ ကျောင်းသားတွေ၊ ဗကသ အဖွဲ့ဝင်တွေ အပါ အဝင် အဖွဲ့ တော်တော်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ တနင်္လာနေ့ ညနေပိုင်းမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ဖြစ်တဲ့၊ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး စတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတဲ့ ကိစ္စ၊ ရခိုင်ပြည်နယ်က အခြေအနေ၊ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ အခြေ အနေတွေ၊ မြန်မာ နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ နဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ သဘောထား အမြင်တွေကို တင်ပြခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ရခိုင်ဒေသကနေ ပြီးခဲ့တဲ့ အပတ်ကမှ ပြန်ရောက်လာတဲ့ ဦးကိုကိုကြီးတို့က သူတို့ ကိုယ်တွေ့ အတွေ့အကြုံတွေကိုလည်း မစ္စတာ ကင်တားနားကို ပြောပြခဲ့ကြပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဝင်လာတဲ့ အခါ၊ သဘောတူ စာချုပ်တွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့ အခါမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စံချိန် စံညွှန်းတွေကို လိုက်နာဖို့ ဆိုတာကိုလည်း အချက်တချက် အနေနဲ့ အလေးထားသင့်တယ်ဆိုတဲ့ အကြောင်း ၈၈ မျိုးဆက် ကျောင်းသားတွေက အကြံပြုပြောဆိုခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေက သူတို့ ပြုစုထားတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်သားတွေ စာရင်းကိုလည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

၈၈ ကျောင်းသားတွေနဲ့ မတွေ့ခင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်တို့နဲ့ တွေ့ဆုံခဲ့သလို Generation Wave က လူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သူတို့ တွေ့ကြုံနေရတဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို မေးမြန်းသွားတယ်လို့ ဆိုပါတယ်။

မနက်ပိုင်းကတော့ အင်းစိန်ထောင်မှာ အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့သလို၊ ၂၀၁၀ ရန်ကုန် ဗုံးခွဲမှုကြောင့် သေဒဏ်အပြစ် ကျခံနေရတဲ့၊ ကိုဖြိုးဝေအောင်ကို အင်းစိန် ဆေးရုံမှာ မစ္စတာ ကင်တားနား သွားတွေ့ခဲ့ပါတယ်။

ကိုဖြိုးဝေးအောင်ဟာ အကျဉ်းကျနေစဉ်မှာ အသည်းကင်ဆာ ရောဂါ ခံစားခဲ့ရပြီး၊ အဲဒီရောဂါကြောင့် ကိုယ်အောက်ပိုင်းသေနေတဲ့ ဝေဒနာရှင် ဖြစ်ပါတယ်။

သူများကူညီပြီး ထူထရတဲ့ ကိုဖြိုးဝေအောင်ကို ခြေချင်း ခတ်ထားတာကိုလည်း မစ္စတာကင်တားနား တွေ့သွားခဲ့တယ်လို့ သူ့ဇနီးဖြစ်သူ မဌေးဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။