ရခိုင်ပြည်နယ် ငြိမ်းချမ်းနေပြီ ဖြစ်ကြောင်း ဝန်ကြီးတွေ ရှင်းပြ

  • 30 ဇူလိုင် 2012
Lt. Gen. Thein Htay, burma border affairs minister ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး

ရခိုင်ပြည်နယ်ဟာ ပုံမှန် ပြန်ဖြစ်နေပြီး တည်ငြိမ် ငြိမ်းချမ်းမှု ရနေပြီ ဖြစ်ကြောင်း တနင်္လာနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရှင်းလင်းပွဲ တစ်ခုမှာ ပြည်ထောင်စု ဝန်ကြီး တချို့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်က ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ် လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နဲ့ လူဝန်မှု ကြီးကြပ်ရေး ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီတို့က ဦးဆောင်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ အစိုးရအနေနဲ့ လောလောဆယ်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း ဝန်ကြီးတွေက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲဆိုတာထက် နိုင်ငံတကာ သံတမန်တွေကို အဓိက ရှင်းလင်းဖို့ လုပ်တာ တွေ့ရပြီး အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ် ကြီးတွေက မေးမြန်းကြ တာတွေ ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ခဲ့တဲ့ Flower News အယ်ဒီတာချုပ် ကိုကျော်စွာမင်းက ပြောပါတယ်။

နိုင်ငံခြားသံတမန်တွေနဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနားတို့လည်း တက်ရောက် ကြပါတယ်။

သတင်းစာ ရှင်းလင်းပွဲအတွင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီကလည်း မြန်မာ တိုင်းရင်းသား တွေထဲမှာ ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

သံတမန်တွေနဲ့ မစ္စတာ ကင်တားနားတို့ဟာ ရခိုင်ပြည်နယ်ကို အင်္ဂါနေ့က သွားရောက် ကြတဲ့ အခါမှာလည်း အဖြစ်မှန်တွေကို လေ့လာ တွေ့ရှိနိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်း ကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ပြီး လောလောဆယ် ယာယီ စခန်းတွေမှာ ခိုလှုံ နေရသေးတဲ့သူ ၆ သောင်း ကျော် ရှိတယ်လို့ ပြောပါတယ်။

အရေးအခင်းမှာ ပါဝင် ပတ်သက်ခဲ့တဲ့ NGO ဝန်ထမ်း တချို့ကို ဖမ်းဆီး အရေးယူ ခဲ့ကြောင်းနဲ့ အဲဒီထဲမှာ UNHCR နဲ့ WFP ဝန်ထမ်း တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ