ဂျာနယ် နှစ်စောင် စာပေစိစစ်ရေးကပိတ်

  • 31 ဇူလိုင် 2012
the voice
Image caption ပြည်တွင်း ဂျာနယ် နှစ်စောင်ကို စိစစ်ရေးက ပိတ်

မြန်မာနိုင်ငံထုတ် အပတ်စဉ် သတင်းဂျာနယ် နှစ်စောင် ဖြစ်တဲ့ သည်ဗွိုက်စ် နဲ့ အင်ဗွိုင်း ဂျာနယ်တို့ကို စာပေ စိစစ်ရေး အဖွဲ့က ခေါ်ယူပြီး ထုတ်ဝေခွင့် ပိတ်ပင် ဆိုင်းငံ့ခဲ့ ပါတယ်။

စာပေ စိစစ် ရေး အဖွဲ့က ခေါ်ယူပြီး ထုတ်ဝေခွင့် ဆိုင်းငံ့ကြောင်း ပြောခဲ့ပေမဲ့ ဘာ့ကြောင့် ပိတ်ပင်တယ်ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။

စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာလို့သာ ပိတ်ပင်တယ်လို့ ဆိုပါတယ်။

စည်းမျဉ်း စည်းကမ်းတွေ ဆိုတာကတော့ စာပေစိစစ် ရေးကို ထောက်လှမ်းရေးက ထိန်းချုပ်တဲ့ အရင် အစိုးရလက်ထက် ကတည်းက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဖြစ်ပါတယ်။ ပုံနှိပ်ထုတ် ဝေသူများ လိုက်နာ ရမယ့် စည်းကမ်းချက်တွေလို့ ဆိုပြီး ဂျာနယ်တွေ မီဒီယာတွေ အတွက် သီးခြား ပြဌာန်းပြီး လိုက်နာဖို့ ညွှန်ကြား ထားတာမျိုးတော့ မရှိဘူးလို့ သည်ဗွိုက်စ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

စည်းကမ်းချက်ဆိုရာမှာလည်း တခါတရံမှာ ထိုင်းနဲ့ အစိုးရ အဆင်မပြေရင် ထိုင်း အကြောင်း ဝေဖန်လို့ ရပေမဲ့၊ ထိုင်းနဲ့ အစိုးရ အဆင်ပြေရင် ဝေဖန်လို့ မရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

တခါတရံမှာ ဘာစည်းကမ်းချက်၊ ဥပဒေမှ မရှိဘဲ ဝန်ကြီးက မထည့်ဖို့ ပြောတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

သည်ဗွိုက်စ် ဂျာနယ်ကို ဘာ့ကြောင့် ပိတ်ပင်တယ်ဆိုတာ အတိအကျ မပြောပေမဲ့ ဂျာနယ် မပိတ်ခင် ရက်ပိုင်းအတွင်းမှာ တုန်းက ဝန်ကြီးအပြောင်း အရွှေ့ သတင်းနဲ့ ကာတွန်း တပုဒ် အကြောင်း သတင်း ဓါတ်ပုံနဲ့ စပ်လျဉ်းပြီး တာဝန်ရှိ အယ်ဒီတာတွေကို ခေါ်ယူ သတိပေးခဲ့ တာမျိုး ရှိတဲ့ အတွက် အဲဒီ ကိစ္စ တွေနဲ့ သက်ဆိုင်လိမ့်မယ်လို့ ယူဆရ ကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

အပြောင်းအလဲ လုပ်နေပါတယ် ဆိုတဲ့ ကာလမှာ အခုလို ပိတ်ပင် ကန့်သတ်မှုတွေ ကြောင့် ခါတိုင်းထက် ပိုပြီး စိတ်ပျက်မိတယ်လို့လည်း ဦးကျော်မင်းဆွေက ပြောပါတယ်။

အခုလို ပိတ်ပင် ချုပ်ချယ်မှုတွေကြောင့် အပြောင်းအလဲ လုပ်နေတယ်ဆိုတာကို လုံးဝ အယုံအကြည် မရှိသူတွေရဲ့ ထင်မြင်ချက်တွေ မှန်ကန်နေတယ်လို့ သက်သေပြပေးရာ ရောက်သွားတယ်လို့လည်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ