ပဲခူး တောင်ငူမှာ ရေတွေကြီး

  • 1 ဩဂုတ် 2012
flood river ဓာတ်ပုံ မူပိုင် Agecom
Image caption အသိမပေးဘဲ ဆည်တွေက ရေလွှတ်လို့ ရေပိုကြီး

ပဲခူးမြို့ပေါ် ရပ်ကွက်တွေနဲ့ တောင်ငူမှာ မိုးအဆက်မပြတ် ရွာနေလို့ ရေကြီးနေပြီး ဝမ်းရောဂါနဲ့ အခြား ရောဂါတွေလဲ စိုးရိမ် နေရတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်မှာ ရေကြီးတာ ဆယ်ရက်လောက် ရှိပါပြီ။

မြို့သစ်နဲ့ ဇိုင်းဂနိုင်း တောင်ပိုင်း၊ မဇင်း စတဲ့ ရပ်ကွက် အတော်များများ ရေမြုပ် နေပါတယ်။

စိုးရိမ်ရေမှတ်ကို ရောက်နေပြီး မိုးဆက်ရွာမယ် ဆိုရင်တော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

မိုးရေထဲ သွားလာ နေရလို့ ကလေးတွေ ဓာတ်လိုက် သေတာတွေ ရှိတယ်လို့ ပဲခူးမြို့ခံက ဘီဘီစီကို ပြောပါတယ်။ တောင်ငူ မြို့နယ် ကြက်လျှာစွန်း ၉ ရပ်ကွက်၊ မိုးကောင်း ရပ်ကွက် စတဲ့ ရပ်ကွက် တွေမှာလဲ အိမ်ခြေ ထောင်နဲ့ချီ ရေမြုပ်ခဲ့ပါတယ်။

မိုးကြီးတာရယ်၊ ဆွာဆည် ပသီဆည် နဲ့ သောက်ရေခပ် ဆည်တွေကို ဒေသခံတွေ အသိမပေးဘဲ ရေလွှတ်ချခဲ့ တာတွေကြောင့် ရေပိုကြီး သွားတာ ဖြစ်တယ်။

ကာလဝမ်း၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေး ရောဂါတွေ ဖြစ် နေတာကြောင့် စိုးရိမ်နေပြီး မြွေအန္တရာယ် ကိုလဲ ကြောက်နေရ ပါတယ်။

ရေမြုပ်နေတဲ့ အိမ်တွေက မိသားစုတွေ စင့်ထိုးပြီး နေတာ ရှိသလို ကုန်းမြင့်ရာ အသိအိမ် တွေမှာ ပြောင်းနေကြတယ်။

တချို့ကတော့ ကားလမ်း ဘေးမှာ လူစု နေကြပြီး ဒုက္ခသည် စခန်း မရှိ၊ အစား အသောက် ကျွေးမယ့်သူ မရှိသေးလို့ ကလေးတွေ ကျောင်းသူ ကျောင်းသားတွေ ဒုက္ခရောက် နေကြပြီး ပရဟိတ အဖွဲ့တွေကို မျှော်လင့် နေကြတယ်လို့ သိရပါတယ်။