ရခိုင်က အကြမ်းဖက်မှုတွေ အစိုးရက မတားဆီးခဲ့ဆိုပြီး စွပ်စွဲခံရ

  • 1 ဩဂုတ် 2012
HRW report ဓာတ်ပုံ မူပိုင် hrw

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက် မှုတွေကို ကြိုတင် တားဆီးနိုင်ခဲ့ရဲ့သားနဲ့ မတားဆီးခဲ့ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) က သူ့ရဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖော်ပြပါတယ်။

ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မသတ်ဖြတ်ခံရတဲ့ ကိစ္စအပြီး တင်းမာမှုတွေ ပြင်းထန်လာချိန်မှာ အရှိန်လျော့သွားအောင် လုပ်နိုင်မယ့် အခြေအနေတွေ ရှိခဲ့တယ်၊ နောက်ပြီး မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စမှာ ကြိုတင် တားဆီးမယ်ဆို တားဆီးလို့ ရပါတယ်လို့ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ မစ္စတာ ဖေးလ် ရော်ဘတ်ဆန်က ပြောပါတယ်။

''ရခိုင်ပြည်နယ်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ စဖြစ်တော့လည်း လုံခြုံရေးတွေကို အချိန်မီ မတွေ့ရပါဘူး။ ပြဿနာတွေ ဖြစ်တဲ့အချိန်မှာလည်း နှစ်ဘက်လူတွေက တဘက်နဲ့ တဘက် မီးရှို့တာ၊ တိုက်ခိုက် ကြတာ၊ ရိုက်သတ်ကြတာတွေ ဖြစ်တဲ့ အချိန်မှာလည်း တားဆီးနိုင် ခဲ့ရဲ့သားနဲ့ လုံခြုံရေးတွေက ရပ်ကြည့် နေတာမျိုးတွေ ရှိခဲ့တယ်''လို့ သူ ပြောပါတယ်။

စာမျက်နှာ ၅၆ မျက်နှာပါ အစီရင်ခံစာမှာ လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် နှစ်ဘက် သေကြေ ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

''စစ်တပ်က နောက်ပိုင်း အရေးပေါ် ကြေငြာ ချက်ကို အကောင်အထည် ဖော်တဲ့ နေရာမှာလည်း ပစ်ခတ် နှိမ်နင်းတာတွေ ရှိပြီး အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင် ရိုဟင်ဂျာတွေကို ဦးတည်ပြီး တိုက်ခိုက် နှိမ်နင်းခဲ့တယ်'' လို့ မစ္စတာ ရော်ဘတ်ဆန်က ပြောပါတယ်။

ဒီ အစီရင်ခံစာအတွက် လူ ၅၇ ဦးကို မေးမြန်းခဲ့ပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်တွင်း စစ်တွေနဲ့ တခြားနေရာတွေက ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပုဂ္ဂိုလ်တွေ၊ ကယ်ဆယ်ရေး စခန်းတွေက လူတွေ၊ ပုန်းအောင်း နေတဲ့ မွတ်ဆလင် ရိုဟင်ဂျာ တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးလာ သူတွေ လည်း ပါဝင် တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ရခိုင်က အခြေအနေတွေကို ထိန်းသိမ်း ထားနိုင်ပြီလို့ ဆိုပေမယ့်လည်း လူအမြောက် အများ ဖမ်းဆီးမှုတွေ ဆက်လုပ်တာ ၊ လူသားချင်း စာနာမှု အကူအညီတွေ ကန့်သတ် ခံရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်ရှိနေတယ်လို့ မစ္စတာ ရော်ဘတ်ဆန်က ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာ အသိအမှတ်ပြု စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ဖွဲ့ပြီး ဆောင်ရွက်စေဖို့၊ အစိုးရမဟုတ်တဲ့ NGO ပရဟိတအဖွဲ့တွေကို ရခိုင်ပြည်နယ်တွင်းက နေရာတွေကို သွားပြီး အကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင် ခွင့်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း တယ်လို့ သူက ပြောပါတယ်။

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ကိုလည်း မြန်မာပြည်မှာ အမြဲတမ်း ရုံးစိုက်ပြီး လုပ်ဆောင်ဖို့ နဲ့ အဲဒီလို လုပ်ဆောင်ရင် အနာဂတ်မှာ ပြဿနာ တစ်ခုခုဖြစ်ရင် ချက်ချင်း စစ်ဆေး စုံစမ်းနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ရော်ဘတ်ဆန်က အကြံပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ