HRW စွပ်စွဲချက် သမ္မတ ပြောခွင့်ရ တုံ့ပြန်

  • 1 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption တဖက်သက် သက်သေမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်

ရခိုင်ဒေသ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာလုံခြုံရေးတွေက အကြမ်းဖက်မှုတွေ မပျံ့နှံ့ အောင် မတားဆီးခဲ့ဘူးဆိုတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ စွပ်စွဲချက်ကို မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ငြင်းဆိုသွားပါတယ်။

အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာတာ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဝင်ပြီး ဖြေရှင်းပေးတာတွေကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက် ပေးခဲ့ တယ်လို့ ဦးကိုကိုလှိုင် က ပြောပါတယ်။

လုံခြုံရေးက တားဆီးလို့ရတဲ့ ဟာတွေကို ရပ်ကြည့်နေတာတွေ ရှိတယ်လို့ စွပ်စွဲတဲ့အပေါ်ကိုတော့ သူကိုယ်တိုင် သွားရောက်ခဲ့တာ မဟုတ်သလို၊ သက်သေတွေကို အသေအချာ မေးမြန်း ခွင့်လည်း ရတာ မဟုတ်လို့ ပြန်ဖြေရှင်းဖို့ မလွယ်ကြောင်းပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ နမ်ဘီယားရော၊ မစ္စတာ ကင်တားနားရော ဒီနယ်မြေတွေကို ရောက်ခဲ့ကြောင်းနဲ့ သူတို့ အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံတကာ နဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံး ဖြေရှင်းနေတယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က အသုံးပြုခဲ့တဲ့ တချို့ သက်သေတွေက မမှန်တာတွေ ရှိသလို၊ တဖက်သတ် သက်သေမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်၊ အလွန်အကျွံ စွပ်စွဲမှုတွေလည်း များကြောင်းသူက ဆိုပါတယ်။

လုံခြုံရေးရဲ့ ပစ်ခတ်မှုကြောင့် တယောက် နှစ်ယောက်လောက်တော့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ် ဆိုတာကို နယ်စပ်ရေးရာ ဝန်ကြီးက ထုတ်ပြန်ရှင်းလင်းပြီး ဖြစ်ကြောင်းလည်း သူ က ပြောပါတယ်။

နောက်ပြီး လွတ်လပ်တဲ့ စုံစမ်းကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ပတ်သက်ပြီး၊တခြားနိုင်ငံမှာလည်း အလားတူပြဿနာတွေ ရှိနေပြီး မြန်မာနိုင်ငံ ကိစ္စ ကိုမှ ဘာလို့ အခုလို လုပ်ချင်တာလဲလို့ သူ က မေးခွန်း ပြန်ထုတ် လို ကြောင်း တုန့်ပြန်သွားပါတယ်။