ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ စတော့မယ်

  • 1 ဩဂုတ် 2012
World Bank ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ဘဏ် အရှေ့အာရှ၊ ပစိဖိတ်ဒေသ ဆိုင်ရာ ဒုဥက္ကဌ ပန်မလာ ကောက်ခ်စ်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ၂၅ နှစ်ကြာ အကူအညီဖြတ်တောက် ဆိုင်းငံ့ထားခဲ့ပြီးနောက် အခုအခါမှာ အကူ အညီ ပြန်လည် ပေးအပ်ဖို့ ပြင်ဆင်နေပြီလို့ ကမ္ဘာ့ဘဏ် ဘက်က ပြောလိုက် ပါတယ်။

ရန်ကုန်မြို့မှာ ရောက်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ ပန်မလာ ကောက်ခ်စ်က သြဂုတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီငွေ ဒေါ်လာ ၈၅ သန်းကို ကမ္ဘာ့ဘဏ်က ကူညီဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့တာ ဖြစ်ပြီး တချိန်တည်းမှာပဲ ကြွေးဟောင်း ဒေါ်လာ သန်း ၄၀၀ နဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ရေး အတွက်လည်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့ အနေနဲ့ အကူအညီပေးသွားမှာ ဖြစ်သလို ကမ္ဘာ့ဘဏ်ရဲ့ ရုံးခွဲသစ်ကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်လှစ် သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ဆင်းရဲ နွမ်းပါးမှုကို တိုက်ဖျက်ဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ဆိုပြီး အခုလို မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်သွယ်ဆောင်ရွက် လိုက်တဲ့ အတွက် အရှေ့အာရှရဲ့ အဆင်းရဲဆုံးလူတွေကို ထိတွေ့ ကူညီခွင့် ရသွားမယ် လို့ သူတို့ ယုံကြည်ကြောင်းလည်း ကမ္ဘာ့ ဘဏ် အုပ်စုရဲ့ ဥက္ကဌ ဂျင်မ်ယောင် ကင် ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို ပေးစရာရှိတဲ့ အကြွေး ဒေါ်လာ ၃၉၇ သန်း အကြွေးကို ဆပ်ပြီးရင် IDA နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ရဲ့ အတိုးမဲ့ ချေးငွေကိုလည်း ရလိမ့်မယ်လို့ ဆိုပါတယ်။