BBC navigation

ဗုံးခွဲမှုနဲ့ သေဒဏ်စီရင်ခံထားရသူ ကိုဖြိုးဝေအောင် ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2012 - 16:36 GMT
Phyo Wai Aung

သေဒဏ်ချခံထားရာက ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်

၂၀၁၀ ခု သင်္ကြန်အတွင်းက ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာ ရှိတဲ့ X2O ရေကစား မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ တရားခံအဖြစ်စွပ်စွဲခံရပြီး သေဒဏ်စီရင်ချက်ချခံထားရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့မှာတော့ လွတ်ငြိမ်းသက်သာခွင့် ပေးပြီး ပြန်လွှတ်ပေးလိုက်ပါပြီ။

ကိုဖြိုးဝေအောင်ဟာ အသဲကင်ဆာ ရောဂါခံစားနေရပြီး ခန္ဓာကိုယ် အောက်ပိုင်းလဲ မလှုပ်မရှားနိုင် ဖြစ်နေလို့ အင်းစိန်ဆေးရုံမှာ တက်ရောက် ကုသခံယူနေရသူပါ။

သူ့ကို ထောင်အရာရှိတွေက ဒီကနေ့မနက်မှာပဲ လွှတ်ပေးမဲ့ အကြောင်း လာပြောခဲ့တယ်၊ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ဝန်ကြီးရဲ့ အမိန်စာကို ဖတ်ပြခဲ့တယ်လို့ဆိုပါတယ်။

သူ့ကို ဘာကြောင့် ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ မသိပေမဲ့ ကျန်းမာရေး မကောင်းတာကတကြောင်း၊ တခါ အခု မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အတွက်လဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ကိုဖြိုးဝေအောင်က ဘီဘီစီကို ပြောပါတယ်။

အခုအမှုမှာတော့ သူနဲ့ ပတ်သက်မှုမရှိပဲ အတင်းဖိအားပေးလို့ ဝန်ခံခဲ့ရတဲ့ အကြောင်း၊ဒါနဲ့ ပတ်သက်လို့ ဖြောင့်ချက်ဆိုတဲ့ ကိစ္စကို စာတန်းတစောင်ပြုစုသွားဖို့ စိတ်ကူးရှိတဲ့ အကြောင်း ပြောပါတယ်။

သူ့ဖက်က သက်သေတွေကိုလဲ တင်ပြပြီး ရှင်းလင်းသွားဖို့ အစီအစဉ်ရှိတယ်လို့လဲ ဆိုပါတယ်။

သူ့ကို အမှုစွဲဆိုဖြစ်တဲ့ အကြောင်းက ဗုံးခွဲသူတရားခံ တယောက်က သူ့မိတ်ဆွေ ဖြစ်နေပြီး၊ သူ့ဆီလည်း ဒီနှစ်ဆန်းက ရောက်လာခဲ့ဖူးတဲ့ အတွက် ဆက်စပ်ပြီး သူ့ကို တရားခံ အဖြစ်ဖမ်းဆီး စွပ်စွဲပြီး ပစ်ဒဏ်ချခဲ့တာဖြစ်တယ်လို့ ကိုဖြိုးဝေအောင်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။