မိန်းကလေးတွေကို ကာမ ကျူးလွန်သူ မြန်မာပြည်ကို ထွက်ပြေး

  • 3 ဩဂုတ် 2012
Image caption အသက် ၉၃ နှစ် အရွယ် မစ္စတာ ကရော့စ် ကားလ် ဂျိုးဇက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး ၄ ယောက်ကို လိင်ဆက်ဆံမှုနဲ့ တရားစွဲခံထားရတဲ့ သြစတြေးလျ နိုင်ငံသား အသက် ၉၃ နှစ် အရွယ် မစ္စတာ ကရော့စ် ကားလ် ဂျိုးဆက် ဆိုသူဟာ အာမခံနဲ့ လွတ်နေတုံး ပြီးခဲ့တဲ့ ဇွန်လလယ်က မြန်မာနိုင်ငံကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

သူ့ကို မြန်မာနိုင်ငံထဲကို ခိုးဝင်မှုနဲ့ အာဏာပိုင်တွေက ကရင်ပြည်နယ် ဘားအံမြို့က တည်းခိုခန်းတခု ကနေ ဇူလိုင် လလယ်ပိုင်းက ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

သူခိုး၀င်တဲ့ လမ်းကြောင်းကနေ ထိုင်းဖက်ကို ပြန်ပို့ဖို့ ဆက်သွယ်ရာက ထိုင်းတရားရုံးမှာ အမှုဆိုင်ရင်းနဲ့ ထွက်ပြေးတာလို့ သိရပါတယ်။

သူအဖမ်းခံရတာက အသက် ၁၅ နှစ်အောက် မိန်းကလေးတွေကို လိင်ဆက်ဆံမှုနဲ့ ဖြစ်ပြီး အာမခံရတုံး သူထွက်ပြေးသွားတဲ့ အတွက် မြန်မာအစိုးရက သူ့ကို ကရင်ပြည်နယ်မှာ ဖမ်းဆီးရမိထားတယ်လို့ အကြောင်းကြား လာတာကြောင့် မစ္စတာကရော့စ်ကို မြန်မာအာဏာပိုင်တွေဆီက လာပြီး လက်ခံယူတာလို့ ရဲဒုဗိုလ်မှူးကြီး အဖိချာတ် ဟတ်ထာဆင် က သူ့အမှုနဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပြပါတယ်။

မြန်မာ အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစုံတရာ ပြောဆို မှတ်ချက်ပေး သွားတာ မရှိပါဘူး။

ဘီးတပ်ခုံနဲ့ မစ္စတာကရော့စ်က သူ့ကိုဘယ်သူတွေက ဘယ်လို ခေါ်သွားသလဲဆိုတာ မပြောပေမဲ့ သူ ဟာ ပြီးခဲ့တဲ့ ရက်သတ္တ လေးပတ်တုံးက မဲဆောက် မြဝတီလမ်းကြောင်းကနေ ဘားအံကို သွားတယ်ဆိုတာ လောက်ပဲ မြန်မာအာဏာပိုင်တွေက သူ့ကို ထိုင်းအရာရှိတွေ လက်ထဲကို လွှဲပြောင်းပေးတဲ့ အချိန်မှာ ထွက်ဆိုခဲ့ ပါတယ်။

ထိုင်းနဲ့မြန်မာ အစိုးရတွေကြားမှာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု ကျူးလွန်သူတွေကို ပြန်ပေးဖို့ သဘောတူထားတဲ့ အတိုင်း နှစ်နိုင်ငံဖက်မှာ ခိုးဆိုး၊ လုယက်၊ သတ်ဖြတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိတိုင်း တဖက်ကို တဖက် ပြန်ပေးလေ့ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုအတွက် တရား ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံကို ထွက်ပြေးတဲ့ နိုင်ငံခြားသားကို ဖမ်းဆီးရမိပြီး ထိုင်းဖက်ကို ပြန်ပို့ပေးတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။