ကချင် ရွာသူကို စစ်တပ်က နှိပ်စက်

  • 5 ဩဂုတ် 2012
kachin_refugees ဓာတ်ပုံ မူပိုင် HRW
Image caption တရုတ်နယ်စပ်ဘက်မှာ ခိုလှုံနေရတဲ့ ကချင် တိုင်းရင်းသားများ

ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုး မြို့နယ်ခွဲ မန်ခုန်ရွာက ကချင် အမျိုးသမီး တဉီးကို မြန်မာ အစိုးရ စစ်တပ်က ဖမ်းဆီး ရိုက်နှက် နှိပ်စက် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ မနက် အစောပိုင်း ၄ နာရီခွဲ လောက်မှာ အစိုးရ စစ်တပ်က စစ်သား ၁၀၀ ကျော်လောက် ရွာထဲ ဝင်လာခဲ့ပါတယ်။ ရွာထဲက ဒေါ်ဂျာဒွဲ တို့အိမ်ကို စစ်သား တချို့က ဝိုင်းပါတယ်။ အိပ်ပျော်နေတဲ့ ဒေါ်ဂျာဒွဲကို နှိုးပြီး သူမရဲ့ ခင်ပွန်း ရွာသူကြီး ဘယ်မှာလဲ၊ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေကို ကူညီတယ် မဟုတ်လား ဆိုပြီး မေးတဲ့ အကြောင်း ကို ခုချိန်မှာ ပြန်လွတ်လာခဲ့တဲ့ ဒေါ်ဂျာဒွဲက ပြောပါတယ်။

သူ့ကို အိမ်ရှေ့က တိုင်တလုံးမှာ ကြိုးနဲ့ ချီပြီး ရိုက်နှက်၊ ကန်ကျောက် စစ်ဆေး ခဲ့တဲ့ အတွက် ကျောကုန်း၊ လက်မောင်းတွေနဲ့ ခြေထောက်တွေမှာ ခုထက်ထိ အညိုအမဲစွဲ နေတဲ့ ဒဏ်ရာတွေ တွေ့နေရသေး သလို ခေါင်းမှာလည်း ဖူးယောင် နေတယ်လို့ ဆိုပါတယ်။

အခုလို ဒေါ်ဂျာဒွဲ ကို ဖမ်းဆီး သွားတဲ့ အစိုးရ စစ်တပ် တပ်ရင်းက ဟိုပန် အခြေစိုက် တပ်ရင်း ၁၄၃ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီနေ့က ရိုက်နှက်ပြီး ဒေါ်ဂျာဒွဲကို တခြားရွာ တခုကို ဖမ်းဆီး သွားခဲ့ပါတယ်။ ညနေပိုင်းမှာ သေနတ်သွားယူ ပေးမယ်လို့ ပြောလို့ လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သေနတ် ပြန်လာ မပေးရင် တွေ့တဲ့ နေရာမှာ သတ်မယ်လို့ ခြိမ်းခြောက် ထားတဲ့ အတွက် ဒေါ်ဂျာဒွဲနဲ့ သူမရဲ့ ခင်ပွန်းတို့ ရွာမပြန်ရဲဘဲ တရုတ်နယ်စပ် တနေရာမှာ ခိုလှုံ နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ