ရိုဟင်ဂျာကိစ္စပဲပြောရင် ကင်တာနားမစ်ရှင် မေးခွန်းထုတ်စရာဖြစ်မယ်

  • 5 ဩဂုတ် 2012
Ko Ko Gyi
Image caption ရိုဟင်ဂျာအကြောင်းပဲ ပြောနေရင် ကင်တားနားရဲ့ မစ်ရှင်ဟာ မေးခွန်းထုတ်စရာ ဖြစ်မယ်လို့ ဦးကိုကိုကြီး ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ရိုဟင်ဂျာတွေဟာ ခွဲခြား ဖိနှိပ် ခံနေရတယ်၊ ဥပဒေပါ အခွင့်အရေးတွေ မရကြဘူးလို့ သြဂုတ် ၄ ရက်စွဲနဲ့ ရခိုင်ကိစ္စပါတဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်း ပြောဆိုလိုက်တဲ့ အပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဝေဖန်လိုက်ပါတယ်။

``လူ့အခွင့်အရေးဆိုရင် မူရင်းဒေသခံ ရခိုင်တွေလည်း လူတွေပါ၊ အဲဒီရခိုင်တွေရဲ့ လူ့အခွင့်အရေးကို ထည့်သွင်း ပြောကြားခြင်း မရှိဘဲနဲ့ ရိုဟင်ဂျာကိစ္စကိုပဲ ပြောနေရင် ကင်တားနားရဲ့ မစ်ရှင်ဟာ မေးခွန်းထုတ်စရာ ဖြစ်မယ်`` လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ရခိုင်ဒေသကို သွားရောက်စဉ် သူတို့ တွေ့ကြုံခဲ့ရတာတွေနဲ့ လှူဒါန်းမှု ပြုခဲ့တဲ့ အကြောင်းတွေကို ဒီကနေ့ သြဂုတ် ၅ ရက်မှာ ရန်ကုန်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ခရီးစဉ်မှာ နိုင်ငံသားအကြောင်းကို အဓိကထား ရှင်းလင်းခဲ့တဲ့ ဦးကိုကိုကြီးက မြန်မာနိုင်ငံမှာ တရုတ်လူမျိုး မြန်မာနိုင်ငံသား၊ ဘင်္ဂါလီလူမျိုး မြန်မာနိုင်ငံသား ရှိနိုင်တယ်။ နိုင်ငံသား ဖြစ်နေရင်တော့ တိုင်းရင်းသားပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား မဟုတ်သူဘဲ ဖြစ်ဖြစ် လူမျိုး၊ ဘာသာ မခွဲခြားဘဲ နိုင်ငံသား အခွင့်အရေး တန်းတူ ရည်တူ ဖြစ်ရမယ်လို့ ပြောပါတယ်။

နိုင်ငံသားဖြစ်ဖို့ကိုတော့ နိုင်ငံတကာမှာလည်း လုပ်ရိုးလုပ်စဉ် ခွဲခြား သတ်မှတ်တာတွေ ရှိသလို မြန်မာနိုင်ငံမှာလည်း လုပ်ရမယ်၊ နိုင်ငံသား ဥပဒေတွေဟာ တတန်းတစားတည်း ရှိမနေဘူး၊ နိုင်ငံတခုချင်းအလိုက် လိုအပ်ချက်နဲ့ လုံခြုံရေးအရ ပြဌာန်းရမယ်လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည် သုံးသပ်ဖို့ သူ့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားတာကိုလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်က လက်မခံဘဲ ဝေဖန်လိုက်ပါတယ်။

နိုင်ငံသားဖြစ်မှု ဥပဒေ ပြင်ဖို့မပြင်ဖို့ ဆိုတာဟာ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်၊ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသားတွေကပဲ ဆုံးဖြတ်ရမယ်လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ဒေသ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးတွေက ရန်ကုန်မှာ ရှင်းလင်း ပြောကြားမှုတွေ လုပ်ခဲ့တာနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရှင်းလင်းမှုတွေက သဘောညီသလား ကွဲသလားလို့ မေးတာကိုတော့ ဦးကိုကိုကြီးက ရှောင်ဖြေခဲ့ပြီး၊ သူတို့ အနေနဲ့ ရခိုင်ဒေသမှာ သူတို့ တွေ့ခဲ့၊ လုပ်ခဲ့တဲ့ ကိစ္စတွေကိုသာ ရှင်းပြတာပါလို့ ပြောပါတယ်။