ကချင်နယ်မြေတွင်း စစ်တပ်လှုပ်ရှားမှုရှိဆဲ

  • 6 ဩဂုတ် 2012
_bbc_kia_304x171_ ဓာတ်ပုံ မူပိုင် bbc
Image caption ကချင်လွတ်မြောက်ရေးတပ်

ကချင်ပြည်နယ်တွင်း မှာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကြားမှာ မပြီးနိုင်သေးတဲ့ တိုက်ခိုက်မှု တွေ ကိုရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အတွက် ပိုမိုရှေးရှု ဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ကို လာရောက်ခဲ့ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနား က ထုတ်ဖေါ် ပြောသွားပါတယ်။ သြဂုတ်လ ၄ ရက် နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ကင်တားနား ရဲ့ ထုတ်ပြန်ချက် ထဲ မှာ ကချင်ကိစ္စ ကို လည်း သူ့အနေနဲ့ အလေးထား ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအချက်ပေါ် ကေအိုင်အို ရဲ့ သဘောထား ကို အဖွဲ့ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဉီးလာနန်း ကတော့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ရန်ကုန်မှာရော နေပြည်တော် မှာပါ ကိုယ်စားလှယ် အဖွဲ့ မရှိတဲ့ အတွက် ကင်တားနား နဲ့ တွေ့ခွင့် မရသလို သူ မြန်မာနိုင်ငံမှာ ရှိချိန် မှာ ရှေ့တန်းစခန်းတွေ ငြိမ်သက်မှု ရှိနေပေမယ့် သူပြန်သွားတာနဲ့ ပြီးခဲ့တဲ့ စနေ ည ကစလို့ ရှေ့တန်း က ညွှန်ကြားချက် တွေ ပိုပြီးပြင်းထန်လာပုံ တွေ ဘီဘီစီ ကို ပြောပြပါတယ်။

စစ်တပ် ရဲ့ ညွှန်ကြားချက် စာတွေထဲမှာ ကေအိုင်အေ ကို အပြတ်ရှင်းရမယ်၊ ထိပ်တိုက်ရင်ဆိုင် ရှင်းလင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ပါဝင်ကြောင်း ဘီဘီစီ ကို ဉီးလာနန်း က ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဉီးသိန်းစိန် က တိုင်းရင်းသား ပါတီ ၁၄ ခု နဲ့ တွေ့ဆုံတဲ့ အခါမှာ ကေအိုင်အို နဲ့ ဆောင်ရွက်မှု အပိုင်းမှာ ယုံကြည်မှု တည်ဆောက်နေပါတယ်၊ အဆက်အသွယ်လည်း ရှိပါတယ် လို့ ဆိုပေမယ့် ရှေ့တန်း အခြေအနေ နဲ့ ကွာခြားနေပုံ ကို ထောက်ပြပါတယ်။

ဒါ့အပြင် ရှေ့တန်းက တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ တိုက်ပွဲ ဝင်လိုစိတ် မရှိရင်လည်း တပ် က ဖြုတ်ပစ်တာတွေ ရှိနေကြောင်း ဘီဘီစီ ကို ဉီးလာနန်း က ပြောပါတယ်။