တူရကီ နိုင်ငံခြားရေး ဝန်ကြီး ရန်ကုန်လာ

  • 8 ဩဂုတ် 2012
Ahmet Davutoglu ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်က မွတ်ဆလင်တွေ ကိစ္စ ဆွေးနွေးဖို့လာ

တူရကီ နိုင်ငံခြားရေး ဝန်ကြီး Ahmet Davutoglu မြန်မာနိုင်ငံကို ဒီနေ့ လာဖို့ ရှိပြီး ရခိုင်က မွတ်ဆလင်တွေ ကိစ္စ မြန်မာ အစိုးရကို မေးမြန်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာ အစိုးရသစ် တက်လာပြီး မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Recep Tayyip Erdogan ရဲ့ ဇနီး Emine Erdogan နဲ့ သမီး၊ နောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဇနီး တို့လည်း လိုက်သွား ကြမှာ ဖြစ်ပါတယ်။

ရခိုင် အဖြစ်အပျက်တွေ သိရှိ နားလည်နိုင်ဖို့၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်က ထွက်ပြေး လာရတဲ့ ဒုက္ခသည်တွေ အခြေအနေကို သိဖို့ သွားတာလို့ တူရကီ နိုင်ငံခြားရေးဌာန က ဆိုပါတယ်။

ရခိုင်မှာ မွတ်ဆလင်တွေ အသတ်ခံရတယ်လို့ စွပ်စွဲပြီး အစ္စလာမ် ဘာသာ အများစု ကိုးကွယ်တဲ့ နိုင်ငံတွေမှာ မြန်မာအစိုးရကို ဆန္ဒပြတာတွေ၊ ခြိမ်းခြောက်တာတွေ လတ်တလော သီတင်းပတ်တွေမှာ ဖြစ်ခဲ့ပါတယ်။

OIC ခေါ် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ နဲ့ ပါကစ္စတန် အပါအဝင် နိုင်ငံတချို့ ကလည်း မြန်မာအစိုးရကို ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို အချက်အလက် အမှန်တွေကို အစိုးရဆီကရော၊ လက်တွေ့ မြေပြင် ကပါ ရနိုင်ဖို့ တူရကီ အစိုးရက သွားမှာပါ။

ဒါပေမယ့် တူရကီနိုင်ငံ တစ်ခုတည်း အနေနဲ့ သွားမှာ ဖြစ်ပြီး တခြား နိုင်ငံတွေ ၊ အဖွဲ့အစည်းတွေကို ကိုယ်စားပြု သွားတာမျိုး မဟုတ်ပါဘူး။

ပဋိပက္ခအတွင်း ဒုက္ခရောက်သူ တွေကို လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လို ကူညီနိုင်မလဲ မြန်မာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း နေဆဲလို့ သိရပါတယ်။

လောလောဆယ် တူရကီ နိုင်ငံခြားရေး၀န်ကြီး နေပြည်တော်ကိုပဲ အဓိက သွားမှာ ဖြစ်ပြီး အဲဒီက မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မနက်ဖြန် တွေ့ဆုံ ဆွေးနွေးမှာပါ။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကိစ္စက အဓိက အကြောင်းအရာ ဖြစ်ပေမယ့် တခြား နှစ်နိုင်ငံ ကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာ သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ် ကတော့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ပိုမို ပွင့်လင်း မြင်သာတဲ့ အစီရင် ခံစာတွေ ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တူရကီ ဟာ မြန်မာနိုင်ငံမှာ ဒီနှစ်ဆန်းကပဲ သံရုံးဖွင့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ