မြစ်ဆုံစီမံကိန်းက စက်ယန္တရားတွေ ပြန်ပို့မယ်

  • 9 ဩဂုတ် 2012
myitsone_dam
Image caption မြစ်ဆုံ ရေကာတာ စီမံကိန်း တည်ရှိရာ

ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းမှာ အသုံးပြုတဲ့ တရုတ် စက်ပစ္စည်းနဲ့ ယန္တရားတွေကို တရုတ် နိုင်ငံကို ပြန်လည် ပို့ဆောင်ဖို့ အတွက် မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးက ဆုံးဖြတ်လိုက် ပါတယ်။

အခုလို ဆုံးဖြတ် လိုက်တာကို ကြည့်ခြင်း အားဖြင့် သမ္မတ ဦးသိန်းစိန် ကြေညာ ထားတဲ့ အတိုင်း ၂ဝ၁၅ ခုနှစ် အတွင်းမှာ လုံးဝ ဆက်မလုပ်ဘူး ဆိုတဲ့ သဘော ရှိပါတယ်။

မြစ်ဆုံ ရေကာတာ ဆက်လုပ်ခွင့် ရမယ့် အခြေအနေ မရှိတာကြောင့် စက်ယန္တယား တွေကို ဆက်ထားရင် ကုန်ကျစရိတ် များမှာမို့လို တရုတ် နိုင်ငံကို ပြန်သယ် သွားခွင့်ပြုဖို့ စီပီအိုင် ကုမ္ပဏီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို တင်ပြခဲ့ ပါတယ်။

မနေ့တုန်းက နေပြည်တော်မှာ စက်မှုဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးမှာ ဆုံးဖြတ်ချက် ပေးလိုက်တာ ဖြစ်တယ်လို့ အမှတ် ၁ လျှပ်စစ် ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ပြောပါတယ်။

မြစ်ဆုံ ရေကာတာ စီမံကိန်းကို တရုတ် နိုင်ငံပိုင် စီပီအိုင် ကုမ္ပဏီနဲ့ အမှတ် ၁ လျှပ်စစ် ဝန်ကြီးဌာနတို့ လွန်ခဲ့တဲ့ ၆ နှစ်က လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံ ရေကာတာကို လက်ရှိအစိုးရ လက်ထက်မှာ မလုပ်ဖို့ကို သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ