အမြုတေ စာနယ်ဇင်းကောင်စီကို မြန်မာအစိုးရ ဖွဲ့စည်း

  • 10 ဩဂုတ် 2012
Burma new media council
Image caption စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းပေးလိုက်ကြောင်း ကြေငြာချက်

စာနယ်ဇင်းသမားတွေနဲ့ ဥပဒေဆိုင်ရာ အပါအဝင် ပညာရှင် စုစုပေါင်း အယောက် ၂၀ ပါဝင်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီကို မြန်မာအစိုးရက သြဂုတ်လ ၉ ရက် ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

ဥက္ကဌအဖြစ် အငြိမ်းစား တရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေး၊ အတွင်းရေးမှူးက ဦးကိုကို (ကိုကို စက်မှု တက္ကသိုလ်)နဲ့ တခြား အဖွဲ့ဝင်တွေထဲမှာ ဒေါက်တာ အောင်ထွန်းသက်၊ မောင်ခင်မင် (ဓနုဖြူ)၊ ဦးဟိန်းလတ်၊ မောင်ဝံသ ၊ ဦးသီဟစော ၊ ဦးအောင်လှထွန်း၊ ဒေါက်တာ တင်ထွန်းဦး စတဲ့ သူတွေလည်း ပါဝင်ပါတယ်။

အဖွဲ့ရဲ့ တာဝန် ဝတ္တရားတွေထဲမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ စာနယ်ဇင်းကျင့်ဝတ်တွေ ရေးဆွဲဖို့၊ စာနယ်ဇင်းဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးဖို့ စတဲ့ အချက်တွေ ပါဝင်သလို နိုင်ငံခြားက တင်သွင်းတဲ့ စာပေတွေ စိစစ်ဖို့ နဲ့ စာနယ်ဇင်းသမားတို့ရဲ့ ရေးသား ဟောပြောမှုတွေကို ကြီးကြပ် ဆောင်ရွက်ဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။

ဝေဖန်မှုတွေ ရှိနေ

ဒီအဖွဲ့ ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံနိုင်တဲ့ စာနယ်ဇင်းသမားတွေလည်း ရှိနေပါတယ်။

ဒီအဖွဲ့ကို အစိုးရက ဖွဲ့ပေးတဲ့အချက်၊ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ သူတချို့အပေါ် အများယုံကြည် လေးစားနိုင်မှု အားနည်းတာ နဲ့ ဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် နဲ့ ဝတ္တရားတွေထဲက အချက်တချို့ဟာ မေးခွန်းထုတ်စရာ ဖြစ်တဲ့အကြောင်း၊ စာပေစိစစ်ရေးကို အစားထိုးလာမယ့် အဖွဲ့ ဖြစ်လာ နိုင်ကြောင်း မြန်မာစာနယ်ဇင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားသူ ဦးဇော်သက်ထွေးက ဝေဖန် ထောက်ပြ ပါတယ်။

အလားတူ Eleven Media Group ကလည်း ဒီကောင်စီအသစ်မှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်၊ တာဝန်ဝတ္တရားနဲ့ လုပ်ပိုင်ခွင့် အာဏာ တချို့ကို ထောက်ပြတဲ့ ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကောင်စီသစ်မှာ ညှိနှိုင်းစရာ

ဒီလို ကန့်ကွက်မှုတွေ ရှိတဲ့အပေါ် အဖွဲ့သစ်ရဲ့ အတွင်းရေးမှူး ဦးကိုကို မေးကြည့်ရာမှာတော့ လောလောဆယ်မှာ အဖွဲ့ဝင်တွေ စုပေါင်းပြီး မတွေ့ဆုံရသေးတဲ့အတွက် အဖွဲ့ကိုယ်စား မပြောနိုင်ကြောင်း၊ ဒါပေမယ့် အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ မရှိသေးချိန်မှာ အဖွဲ့ကို ဝေဖန်ဖို့ဆိုတာ စောသေးကြောင်း၊ ဒါပေမယ့် နိုင်ငံတကာအဆင့်မီ စာနယ်ဇင်း ကောင်စီတခု ဖြစ်ဖို့ ဆက်လက် လုပ်ဆောင်နေကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် အဖွဲ့ရဲ့ လုပ်ငန်းဆိုတာတွေအထဲမှာ နိုင်ငံခြားက တင်သွင်းတဲ့ စာပေတွေ စိစစ်ဖို့ လိုမျိုး၊ နောက်ပြီး ရေးသားဟောပြောမှုတွေ ကြီးကြပ်ဖို့ ဆိုတဲ့ လုပ်ငန်းတွေက ပြန်ကြားရေး ဝန်ကြီးဌာနက လုပ်နေတဲ့ လုပ်ငန်းမျိုး ဖြစ်နေတဲ့ အတွက် ဒီလိုကိစ္စတွေကို ကောင်စီရဲ့ တာဝန်တခုအဖြစ် ထည့်သွင်းပြဌာန်း ထားတာမျိုးကိုတော့ မေးခွန်းထုတ်စရာ၊ ဆက်လက် ညှိနှိုင်းစရာတွေ ရှိနေပါသေးတယ်လို့ ဦးကိုကိုက ပြောသွားပါတယ်။

ဦးကိုကို ကိုယ်တိုင်ပါဝင်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီကလည်း အခု ကောင်စီအသစ်ရဲ့ တာဝန် ဝတ္တရားနဲ့ လုပ်ပိုင်ခွင့် တချို့ကို ပြင်ဆင်ပေးဖို့ နဲ့ အဲဒီလို မပြင်ဆင်နိုင်ရင် ဒီကော်မတီထဲက လူတွေဟာ ကောင်စီသစ်မှာ ပါဝင်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ