တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ် သွားရောက်

  • 10 ဩဂုတ် 2012
Image caption ကြာသပတေးနေ့ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့ပါတယ်

တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ သောကြာနေ့ နံနက် ၉ နာရီခန့်က လေယာဉ် သုံးစီးနဲ့ အတူ စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပြီး ဆူပူ အကြမ်းဖက်မူ တွေကြောင့် ဒုက္ခရောက် နေကြတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ကိုရော ရခိုင်ဒုက္ခသည် စခန်းတစ်ခုကို သွားရောက် လည်ပတ် ကြည့်ရှု့ခဲ့ ပါတယ်။

တူရကီ နိုင်ငံခြား ဝန်ကြီးနဲ့ အဖွဲ့ဟာ မနက်ပိုင်းမှာတော့ စစ်တွေ သဲချောင်းမှာ ရှိတဲ့ ဘုတပနဲ့ မန်စီ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်း ခဲ့တာ ရှိသလို အကူအညီတွေလည်း ပေးအပ်ခဲ့တာ ရှိတယ်လို့ သိရပါတယ်။

အဲဒီက အပြန်မှာ စစ်တွေ အနောက်စံပြမှာ ရှိတဲ့ ရခိုင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ အနောက်စံပြ ရပ်ကွက်က ဆုတောင်ပြည့် ကျောင်းကို သွားရောက်ခဲ့ တယ်လို့ သိရပါတယ်။

နေ့လည် ပိုင်းမှာတော့ စစ်တွေ အင်ဘလာ ရပ်ကွက် ပလီကို သွားရောက်ပြီး မွတ်ဆလင် မိသားစုတွေကို အကူအညီတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခုလို တူရကီ နိုင်ငံခြားရေး ဝန်ကြီး စစ်တွေကို လာရောက်တဲ့ အပေါ်မှာ မွတ်ဆလင်တွေ ဘက်ကရော ရခိုင်တွေဘက်က ကြိုဆိုကြတာကို တွေ့ရပါတယ်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ အမှန်တရားတွေကို ဘက်လိုက်မူ မရှိဘဲ သူက တင်ပြမယ် ဆိုရင်တော့ သူရောက်လာတာက တော်တော်ကို ကောင်းတဲ့ အခြေအနေပါလို့ ပြောဆိုသွား ပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ စီးပွားရေး ပူးပေါင်း တိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာကို လာရောက်တာ မှန်ပေမယ့် ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သတင်း အမျိုးမျိုး ထွက်ပေါ်နေတဲ့ အတွက် သူရဲ့ မြန်မာ ခရီးစဉ် အတွင်းမှာ အဖြစ်မှန်ကို စုံစမ်းမူတွေ ပြုလုပ်သွားဖို့ စစ်တွေကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ လာမယ့် အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အိုအိုင်စီ အစည်းအဝေးမှာ သူ မြင်တွေ့ ခဲ့ရတဲ့ ရခိုင်က အခြေအနေကို ဘက်မလိုက်ဘဲ တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

တူရကီနိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ ညနေပိုင်းမှာတော့ ရန်ကုန်ကို ပြန်လည် ထွက်ခွာ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ