ရခိုင်အရေး ကင်တားနားရဲ့ အမြင်အပေါ် မကျေနပ်

  • 11 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္မတာ ကင်တားနားရဲ့ ဆောင်ရွက်ပုံတွေဟာ တဘက်သတ် ဆံတယ်လို့ နိုင်ငံရေးပါတီတွေကပြော

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လာရောက် စစ်ဆေးကြည့်ရှုခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားရဲ့ ဆောင်ရွက်ပုံ တွေကို မကျေနပ်ကြောင်း နိုင်ငံရေး ပါတီတွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်သစ်ထံ တင်ပြခဲ့ကြပါတယ်။

ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်သစ်အဖြစ် ခန့်အပ်ခံရသူ မစ္စစ် မာရီယန်း ဟေဂန်က ကုလသမဂ္ဂ အဖွဲ့နဲ့ ပတ်သက်လို့ လိုအပ်တာတွေ တင်ပြလိုတာတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးကြဖို့ နိုင်ငံရေး ပါတီတွေကို ခေါ်ယူ တွေ့ဆုံခဲ့စဉ်မှာ အခုလို တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ဒေသ ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ မစ္စတာ ကင်တားနားရဲ့ ဆောင်ရွက်ပုံတွေဟာ တဘက်သတ် ဆန်လှကြောင်း အဲဒီတွေ့ဆုံပွဲ တက်ရောက်လာသူ နိုင်ငံရေး ပါတီ ၂၄ ပါတီ စလုံးက တညီတညွတ်တည်း တင်ပြခဲ့ကြပြီး သူ့နေရာမှာ တခြား ပုဂ္ဂိုလ် တဦးဦးကို အစားထိုး စေလွှတ်ဖို့ အထိတောင် တချို့က တင်းတင်းမာမာ ပြောဆိုခဲ့တယ်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရခိုင် ဒေသကို သွားရောက် ကြည့်ရှုခဲ့အပြီးမှာ မစ္စတာ ကင်တားနားက လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် စိစစ်ဖို့နဲ့ ရခိုင်ဒေသက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ ပြောဆိုခဲ့တာကြောင့် နိုင်ငံရေး ပါတီတွေအနေနဲ့ မကျေမနပ် ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုင်းရင်းသား အရေးကိစ္စတွေမှာ ကုလသမဂ္ဂ အနေနဲ့ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့နဲ့ ရခိုင်ကိစ္စမှာလည်း ကုလသမဂ္ဂက လွှတ်တဲ့ ပုဂ္ဂိုလ်တွေကို သေသေချာချာ စိစစ်ပြီး စေလွှတ်သင့်ကြောင်း နိုင်ငံရေး ပါတီတွေက အကြံပြု တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနား လာတဲ့ ကိစ္စမှာလည်း မလာခင်ကတည်းကိုက ( Pre conceived Idea) ကြိုတင် တွေးခေါ်လာတဲ့ အပိုင်းမျိုး၊ သံပတ်ပေးပြီး လွှတ်လိုက်တဲ့ သဘောမျိုး တွေ့ရကြောင်း၊ နောင်ဆိုရင် ကုလသမဂ္ဂ က လွှတ်လိုက်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ တိုင်းရင်းသား အရေး၊ မြန်မာနိုင်ငံအရေးဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ ပြည်သူ လူထု အစိတ်အပိုင်းတွေနဲ့ တွေ့ပြီးမှ သက်ဆိုင်ရာ ကိစ္စကို ကိုင်တွယ် ဖြေရှင်းသင့်ကြောင်းကိုလည်း နိုင်ငံရေး ပါတီတွေက တင်ပြခဲ့ကြတယ်လို့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။