ရခိုင်ပဋိပက္ခ အိုအိုင်စီ လာရောက် လေ့လာမယ်

  • 13 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဆော်ဒီ ဘုရင်က ဒေါ်လာ သန်း ၅၀ လှူဒါန်းမယ်

အိုအိုင်စီလို့ ခေါ်တဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကို မကြာခင် လာရောက်ပြီး ရခိုင် ပဋိပက္ခ ကိစ္စ လေ့လာ တော့မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း အစ္စာလာမ် ဘာသာဝင် နိုင်ငံ တွေရဲ့ မြန်မာနိုင်ငံအပေါ် သံသယတွေ အထင်အမြင် လွဲမှားမှုတွေ ပပျောက်အောင် သူတို့ ကိုယ်တိုင် ကိုယ်ကျ လာကြည့် မေးမြန်းလို့ ရကြောင်း၊ အဲဒီအတွက် သူတို့ကို ဖိတ်ခေါ်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခရောက် နေသူတွေ အတွက် နိုင်ငံတကာရဲ့ အကူအညီ တွေကိုလည်း ကြိုဆိုကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတကာ အကူအညီတွေကိုလည်း ပဋိပက္ခဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ကော်မတီတွေ ဖွဲ့ထားတာရှိကြောင်း၊ အဲဒီအဖွဲ့တွေကနေ ပွင့်လင်းမြင်သာမှု ရှိရှိ ဒုက္ခသည်တွေ လက်ဝယ် အရောက် ဖြန့်ဖြူးပေးဖို့ ဆောင်ရွက်နေကြောင်းသူက ပြောပါတယ်။

ပြီးခဲ့တဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးလာတုန်းကလည်း ဆေးဝါး အကူအညီပေးခဲ့တာကို ကော်မတီတွေကနေ လက်ခံပြီး ဖြန့်ဖြူးပေး ခဲ့တယ်လို့ ပြောပါတယ်။

အခုအချိန်မှာတော့ အိုအိုင်စီ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆော်ဒီအာရေဗျ နိုင်ငံမှာ ပြုလုပ်မယ့် ထိပ်သီး အစည်းအဝေး အကြို အဖြစ် မက္ကာမြို့မှာ အစည်းအဝေး တခု ပြုလုပ်နေ ပါတယ်။

အဲဒီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဒုက္ခရောက် နေသူတွေ အတွက် ဆော်ဒီဘုရင်က အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်း မယ်လို့ ပြောပါတယ်။

ဆော်ဒီ ထိပ်သီးအစည်းအဝေးမှာတော့ ဆီးရီးယား စစ်ပွဲနဲ့ မြန်မာနိုင်ငံက ရခိုင်ပဋိပက္ခ အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ