ရွှေညဝါ ဆရာတော် အမေရိကန်မှာခေတ္တသီတင်းသုံး

  • 14 ဩဂုတ် 2012
_bbc_monks ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာသံဃာတော်များ ဆွမ်းအလှူ

ဇူလိုင်လ ၂၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု ကို ကြွရောက်လာတဲ့ ရွှေညဝါ ဆရာတော် ဉီးပညာသီဟ ဆန်ဖရန်စစ်ကို ဘေးဧရိယာ မှာ ခေတ္တ သီတင်းသုံးနေခိုက် မှာ ဆရာတော်ဘုရားက အမေရိကန် ရောက် မြန်မာနိုင်ငံသားတွေရဲ့ ဘာသာ သာသနာ လေးစား လိုက်နာကြပုံတွေ ကို ဘီဘီစီ ကို မိန့်ကြား ရှင်းလင်းပြပါတယ်။

ဆရာတော် ကို ကြည့်မြင်တိုင် သာဓုဘုန်းကြီးကျောင်း မှာ သီတင်းသုံးခွင့် ကို သာသနာ့ မဟာနာယက ဆရာတော်ကြီးက ခွင့်မပြုခဲ့တဲ့ နောက်ပိုင်းမှာ မှော်ဘီ ဘက်မှာ တဲကျောင်းသင်္ကန်း နဲ့ သီတင်းသုံးခဲ့ပါတယ်။ အခု လာမယ့် ဝါတွင်း ကင်းလွတ် အောက်တိုဘာ လကုန်ပိုင်း မှာ မြန်မာနိုင်ငံ ကို ပြန်ကြွပြီးတဲ့ နောက်မှာ ပရိယတ္တိ ပရိပတ္တိ စာသင်တိုက် ကို မှော်ဘီ မှာ ပြန်လည် ထူထောင်မယ့် အကြောင်း ဆရာတော် က မိန့်ခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာလူမျိုးတွေ ရဲ့ စေတနာ အလှု၊ သားသမီးတွေ ကို ဗုဒ္ဓဘာသာ သာသနာ မိရိုးဖလာ ထိန်းသိမ်း ကြဖို့ ဆရာတော်ကြီး တွေထံ အပ်နှံရာမှာ ဆရာတော်တွေ ကလည်း ဘာသာရေး သင်တန်းတွေ ပို့ချတာတွေ တွေ့ရပုံ ၊ ရွှေညဝါ ဆရာတော်က အဝေးရောက် မြန်မာတွေဟာ အနေဝေးသူတွေ ဖြစ်ပေမယ့် ဘာသာ သာသနာ စောင့်ထိန်းပုံ တွေပါ ရှင်းပြ မိန့်ကြား သွားပါတယ်။

ပြည်တွင်းအရေး ကိစ္စတွေ ဟာ စိတ်မအေး စရာတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘယ်သူက ရှေ့သွားချင်လည်း၊ ဘယ်သူက နောက်သွားချင်လည်း ဆိုတာ သိသာ ထင်ရှားပုံ၊ လက်ရှိ ရခိုင် အရေးအခင်း မှာလည်း ဘယ်သူ့ပယောဂ ကြောင့် အခုလို အုံကြွမှု ဖြစ်တယ် ဆိုတာကို ပြည်တွင်းပြည်ပ သိပြီးသားမို့ နိုင်ငံရေး ထောင်ချောက်ထဲ မဝင်မိကြစေဖို့ ရွှေညဝါ ဆရာတော် က မိန့်ခဲ့ပါတယ်။