BBC navigation

ဒုတိယ သမ္မတ ဘယ်သူ ဖြစ်မလဲ

နောက်ဆုံး ရေးသားချိန် 14 သြဂုတ်လ 2012 - 16:29 GMT
Tin Aung Myint Oo

အနားယူ သွားတဲ့ ဒုတိယ သမ္မတဟောင်း ဦးတင် အောင်မြင့်ဦး

ဒုတိယ သမ္မတ အသစ် နာမည်ကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ကြေညာမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အတည်ပြုမှာ ဖြစ်ကြောင်းကို ပြည်ထောင်စု လွှတ်တော်ရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်း ဖော်ပြခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ သိရတာ ဖြစ်ပါတယ်။

စစ်တပ် ကိုယ်စား လှယ်တွေ အနေနဲ့ ဘယ်သူ့ကို ရွေးချယ် ထားကြောင်း ကိုတော့ လွှတ်တော် ကိုယ်စားလှယ် တွေလည်း မသိကြ သေးသလို ဒုတိယ သမ္မတ အမည် အတည် မပြုနိုင်ဘဲ ကြန့်ကြာ နေတာ ဟာ ဘာ့ကြောင့် ဆိုတာလည်း တိတိကျကျ မသိကြ ပါဘူး။

စစ်တပ်ကိုယ်စားလှယ် တွေက ရွေးကောက် တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးက ကျန်းမာရေး အကြောင်းပြချက်နဲ့ ရာထူးက နှုတ်ထွက် အနားယူ သွားကြောင်း ကြေညာ ပြီးနောက်မှာ စစ်တပ် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ အသစ် ရွေးကောက်ဖို့ ဖြစ်လာပါတယ်။

ဒါပေမဲ့ ဒုတိယ သမ္မတ အသစ်ကို အချိန်မီ မတင်မြှောက် နိုင်ခဲ့ပါဘူး။

ဘာ့ကြောင့် အချိန်မီ မတင်မြှောက် နိုင်သလဲ ဆိုတာကိုလည်း လွှတ်တော် အမတ်တွေကို ရှင်းမပြခဲ့ပါဘူး။

ဒုတိယ သမ္မတ နေရာကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို စစ်တပ် ကိုယ်စားလှယ် တွေက ရွေးချယ်ကြောင်းနဲ့ ဦးမြင့်ဆွေဟာ ဒုတိယ သမ္မတ အရည်အချင်း မပြည့်မီလို့ အတည် မပြုနိုင်ဘဲ ကြန့်ကြာ ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ ပေမဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ ဒီအကြောင်းတွေကို သမ္မတ အရည်အချင်း စိစစ် ရေး အဖွဲ့က သူတို့ကို ဘာမှ ရှင်းမပြခဲ့ဘူးလို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဒုတိယ သမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဦးခိုင်မောင်ရည်ကတော့ ဒါကိုလည်း အတည် မပြု နိုင်ဘူးလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။