BBC navigation

ရခိုင်ပဋိပက္ခမှာ ရခိုင်ပါတီတွေရဲ့ ကဏ္ဍ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 18:19 GMT

ရခိုင်ပဋိပက္ခကြောင့် ဒေသခံအတော်များများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နောင်မဖြစ်အောင် ရေရှည် တားဆီးနိုင်ရေးနဲ့ ပတ်သက်လို့ ဗွီအိုအေနဲ့ လုပ်ခဲ့တဲ့ မေးမြန်းခန်း မှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီလို တားဆီးရေး မှာ လူထုရဲ့ အမြင် ပြောင်းအောင် လုပ်ရာမှာ ရခိုင်ပါတီတွေရဲ့ အခန်းကဏ္ဍ အရေးပါကြောင်း ထည့်သွင်း ပြောသွားခဲ့ ပါတယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ ကျဉ်းမြောင်းလာပြီး ရွာကြီးတရွာလို ဖြစ်လာတယ်၊ သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ်ဘာသာ သူ့ဘာသာ ခွဲခြားလို့မရဘူး၊ လူ့အခွင့်အရေး မထိခိုက်အောင် လုပ်ဖို့လိုတယ်၊ လူထုရဲ့ သဘောထား အမြင်ပြောင်းအောင် လုပ်ရာမှာ ရခိုင်ပါတီတွေရဲ့ အခန်းကဏ္ဍ နဲ့ ပညာရေးမြင့်တင်ဖို့ လိုတယ်ဆိုတာ ပြောခဲ့သလို တဘက်နဲ့တဘက် ပြသနာမဖြစ်အောင် နိုင်ငံသား ဥပဒေနဲ့ ကိုင်တွယ်မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပါတီတခုဖြစ်တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ နာယကကြီး ဦးသာဘန်း က အစဉ်အလာအရ ရခိုင်ဒေသမှာ သားစဉ်မြေးဆက် နေလာခဲ့သူတွေ နိုင်ငံသား ဖြစ်ရေးနဲ့ ပတ်သက်လို့ ဘာမှ အငြင်းပွားစရာ မရှိကြောင်း၊ဒါပေမယ့် တိုင်းရင်းသား ဆိုတဲ့ နေရာမှာ ရိုဟင်ဂျာ ဆိုတာကို လက်မခံနိုင်ကြောင်း၊ ပဋိပက္ခတွေ ထပ်မဖြစ်အောင် လူထုကို စည်းရုံး ပြောဆိုနိုင်ဖို့ ရခိုင်ပါတီတွေ အနေနဲ့ နယ်မြေ နေရာတွေ လိုအပ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ ပြောဆိုမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမှာ ရခိုင် တိုင်းရင်းသားတွေ ဥပဒေကြောင်းအရ လိုက်နာအောင် ကြိုးစားသွားမှာ ဖြစ်သလို ရခိုင်ပြည်မှာ နေထိုင်နေတဲ့ ဘင်္ဂါလီလူမျိုးတွေ အနေနဲ့လည်း နိုင်ငံသား ဥပဒေမှာ ပါတဲ့ အခွင့်အရေးတွေကို ခံစားပြီး နိုင်ငံသားတွေ ကျင့်သုံးရမယ့် စည်းကမ်းတွေ ကိုလည်း လိုက်နာဖို့ လိုတာမို့ ဘင်္ဂါလီ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ခေါင်းဆောင်ပိုင်းတွေက စည်းရုံးရမှာ ဖြစ်တယ်လို့ ဦးသာဘန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပညာရေး မြှင့်တင်ဖို့ ကြိုးစားရာမှာ ပညာရေးကို ထိထိ ရောက်ရောက် မသင်ကြားနိုင်ကြတဲ့ ဒေသခံ ရခိုင်၊ မြို၊ ခမီး၊ ဒိုင်းနက်လူမျိုးစု တိုင်းရင်းသားတွေရဲ့ သားသမီးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့ လိုအပ်သလို ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီ လူမျိုးတွေကလည်း သူတို့ရဲ့ ကုရ်အာန် ဘာသာရေး ကျမ်းစာကိုသာ အလေးထား သင်ကြားပေးပြီး မြန်မာ့ပညာရေးကို သိပ်အလေး မထားတာ တွေ့ရကြောင်း၊ ဒါကို သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်ပိုင်းတွေက ဆောင်ရွက်ပေးဖို့ လိုကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ နာယကကြီး ဦးသာဘန်း က ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။