BBC navigation

ဗိုလ်ချုပ်ကြီးဉာဏ်ထွန်း ဒုတိယသမ္မတဖြစ်လာ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 18:01 GMT

ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်း

မြန်မာဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းကို ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် နှုတ်ထွက်ခဲ့ပြီးတဲ့နောက် အချိန်အတော်ကြာ လစ်လပ်နေခဲ့တဲ့ ဒုသမ္မတရာထူးကို အခုမှ အစားထိုးခန့်အပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စောစောပိုင်းက လွှတ်တော်ကိုယ်စားလှယ် တပ်မတော်သားအစုအဖွဲ့ကနေ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် မြင့်ဆွေကို အမည်စာရင်း တင်သွင်းခဲ့တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပေမယ့် ဒုတိယသမ္မတအဖြစ်ခန့် အပ်ခဲ့ခြင်းမရှိပါဘူး။

ဒီလို မခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့လည်း ဘာကြောင့်ဆိုတာ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။

ဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းကို အမည်စာရင်းတင်သွင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတအဖြစ် ကျန်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းဟာ ဗိုလ်လောင်းတက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်းတဦးဖြစ်ပါတယ်။ သူဟာ ရေတပ် အမှတ် ၁ ထောက်လှမ်းရေးတပ်ရဲ့ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး နောက်ပိုင်းမှာ မိခင်ရေတပ်ကို ပြန်ရောက်သွားပြီး စစ်ဦးစီး ဗိုလ်မှူးကြီး၊ စစ်ဦးစီး ဗိုလ်မှူးချုပ်၊စသဖြင့် အဆင့်ဆင့် ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကြည်းတပ်မှာရော ရေတပ်မှာ လူတော်လူကောင်းအဖြစ် အသိများပြီး စာပေပညာထူးချွန်သူ အနုပညာလိုက်စားသူဖြစ်လို့ သဘောထားပျော့ပြောင်းသူလို့ ယူဆကြောင်း တပ်မတော် ထောက်လှမ်းရေးဗိုလ်မှူးဟောင်း ဉီးအောင်လင်းထွဋ်က ပြောပါတယ်။

ယခင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ နီးစပ်သူလို့ ဆိုပါတယ်။

ကြည်းတပ်က လွှမ်းမိုးတဲ့ စစ်တပ်အစုအဖွဲ့က ရေတပ်ဦးစီးချုပ်ကို ဒုတိယ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခန့်အပ်ခဲ့တာဟာ ထူးခြားတယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုရဲ့ သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

ဒုတိယသမ္မတဖြစ်သူဟာ သမ္မတဦးသိန်းစိန်နဲ့ လက်တွဲဆောင်ရွက်ရမယ့်သူဖြစ်လို့ အခု ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအနေနဲ့ ဟန်ချက်ညီဖို့ တဦးနဲ့တဦးနားလည်မှု ရှိဖို့ လိုမယ်လို့ ဦးဌေးအောင်က သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။