BBC navigation

လွှတ်တော်ကော်မီတီအဆင့် အငြင်းပွားမှု ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းဖြစ်လာမလား

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 16:50 GMT

လွှတ်တော်အသီသီးက ဖွဲ့စည်းထားတဲ့ ကော်မီတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့် အဖွဲ့တွေအဖြစ် အဓိပ္ပါယ်ဖွင့်ထားတာကို အခြေခံဥပဒေနဲ့ ညီမညီ စီစစ်ပေးဖို့ သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က ဖွဲ့စည်ပုံဆိုင်ရာ ခုံရုံးကို တင်သွင်းခဲ့တဲ့ တင်သွင်းလွှာအပေါ် အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးရဲ့ မတ်လ ၂၈ရက်နေ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဧပြီလ ၂၆ ရက်နေ့က တကြိမ်၊ သြဂုတ်လ ၈ ရက်နေ့တကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို ဖေါက်ဖျက်တယ်လို့ ဖေါ်ပြပြီး စွပ်စွဲပြစ်တင်လိုတဲ့ သဘောထားကို ပြည်သူ့လွှတ်တော် ဥက္ကဌဆီကို တင်ပြခဲ့ကြပါတယ်။

ဒီလို လွှတ်တော်ကော်မီတီတွေကို ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးနဲ့ လွှတ်တော်ကြား အငြင်းပွားနေမှုနဲ့ ပတ်သက်လို့ ရှေ့နေဦးအောင်ထူးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ အရ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားတဲ့ အတွက် ဒီလွှတ်တော် ၂ ရပ်က ဖွဲ့စည်းတဲ့ ကော်မီတီတွေ ကော်မရှင်တွေဟာ ယေဘူယျအားဖြင့် ပြည်ထောင်စုအဆင့်ရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီလို လွှတ်တော် ၂ ရပ်က ဖွဲ့စည်းလို့ ပြည်ထောင်စုအဆင့် မသတ်မှတ်ဘူးဆိုရင်လည်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ဒီကော်မီတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်အတည်ပြုပေးဖို့ ဖွဲ့စည်းပုံခုံရုံးက အကြံပြုသင့်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ မရှင်းမလင်းပြဌာန်းထားချက်တွေကို အသုံးချပြီး လွှတ်တော်နဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကြား ဥပဒေကြောင်းဆိုင်ရာ ကစားကွက်တွေဖန်တီး လုပ်ဆောင်နေတာကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း မဖြစ်သင့်ပါပဲလျက် ဖြစ်လာမယ့် အလားအလာရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။