BBC navigation

ဆန်စပါး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ ဖွဲ့စည်း

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 17:16 GMT

ဧရာဝတီတိုင်းဒေသမှာ လောလောဆယ် ရေမြုပ် နေတဲ့ ဧက ပေါင်း ၂ သိန်းခွဲ နီးပါးလောက် ရှိနေ

ဧရာဝတီတိုင်းမှာ ရေကြီး ရေလွှမ်းခဲ့လို့ လယ်ဧက သိန်းနဲ့ ချီ ရေမြုပ်ခဲ့ပြီး၊ ဆန်စပါး အခက်အခဲ ကြုံတွေ့ နိုင်တာကြောင့် အရေးပေါ် ကယ်ဆယ်ရေး EERT အဖွဲ့ကို ဆန်စပါး လုပ်ငန်းရှင်တွေ ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။

ရန်ကုန်မှာ အဆိုရင် ဆန်ကြမ်းစျေး တက်မယ့် အနေအထား ရှိတဲ့ အတွက် ဒီ EERT အဖွဲ့ကနေ ဆန်အိတ်ပေါင်း ၉ သောင်း ၂ ထောင်ကို စျေးကွက်ထဲ ရောင်းချပေးလိုက်ပြီ ဖြစ်ကြောင်း အဖွဲ့ရဲ့ ဗဟို အလုပ်အမှုဆောင်နဲ့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်ရဲ့ အကြီးတန်း သုတေသန ပညာရှင် ဒေါက်တာ စိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီလို ရောင်းချတဲ့ နေတရာမှာ တဦးချင်း ရောင်းချဖို့ မဖြစ်နိုင်တဲ့ အတွက် တင်ဒါ စနစ်နဲ့ ရောင်းချပေးခဲ့ကြောင်း၊ အရံဆန် ကော်မတီမှာလည်း ဆန်အလုံ အလောက်ရှိကြောင်းနဲ့ စျေးကွက် လိုအပ်ချက်ရှိတာနဲ့ ထုတ်ရောင်းပေးမှာ ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ ကတော့ ရေကြီး ရေမြုပ်ဆိုင်ရာ သတင်း အချက်အလက်တွေ စုစောင်းဖို့၊ ရေမြုပ်နေတဲ့ နေရာတွေမှာ ပြန်လည် စိုက်ပျိုးရန် လိုအပ်မှုရှိမရှိ သုံးသပ် ဖေါ်ထုတ်ဖို့၊ ပြန်လည် စိုက်ပျိုးမယ် ဆိုရင်လည်း မျိုးစပါးကို အချိန်မီ ဖြန့်ဖြူး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ထိခိုက်တဲ့ စိုက်ခင်းတွေကို သွင်းအားစုတွေ ပံ့ပိုးပေးဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို တောင်သူ လယ်သမားတွေ သိရှိပြီး၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် နိုင်ရေးတို့ ပါဝင်တယ်လို့လည်း သူက ပြောပါတယ်။

အခုဆိုရင် ဧရာဝတီတိုင်း ဒေသမှာ စုစုပေါင်း ရေမြုပ်ဧက ၃ သိန်းနီးပါး ရှိရာကနေ၊ ရေကျလို့ ပြန်ပေါ်လာတဲ့ လယ်ဧကဟာ ၆ သောင်းနီးပါးရှိပြီး၊ လောလောဆယ် ရေမြုပ်နေတဲ့ ဧက ပေါင်း ၂ သိန်းခွဲ နီးပါးလောက် ရှိသေးတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။