BBC navigation

ABSDF မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 16:59 GMT

ABSDF မြောက်ပိုင်းနဲ့ KIA တို့ စခန်းချရာ လဂျားယန်မှာ တိုက်ပွဲ ဖြစ်ခဲ့

မြန်မာနိုင်ငံ မြောက်ပိုင်း KIA ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ်နားက လဂျားယန် တောင်ကုန်းမှာ စခန်းချထားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြောက်ပိုင်း တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ အကြား စနေနေ့ ညနေ ၅နာရီလောက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရရဲ့ ခလရ ၄၀ တပ်တွေ ABSDF တပ်စခန်း ရှိရာနေရာဆီ ရှေ့တိုး တက်လာရာကနေ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ABSDF မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် တဦး ဖြစ်တဲ့ စိုင်းလ က ဘီဘီစီကို ပြောပါတယ်။

ကျောင်းသား တပ်ဖွဲ့တွေ ဘယ်နေရာမှာ နေရာယူမှု အားပျော့သလဲ ဆိုတာကို သိရဖို့ အစိုးရတပ်ဘက်က သွေးတိုးစမ်းတဲ့ အနေနဲ့ ရှေ့တိုးတက်လာတာလို့ ယူဆရကြောင်း ပြောပါတယ်။

ABSDF ကျောင်းသား ခေါင်းဆောင်တချို့နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအကြား တွေ့ဆုံမှုတွေ ရှိခဲ့အပြီးမှာပဲ အခုလို နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် ABSDF နဲ့ အစိုးရကြား တွေ့ဆုံပြောဆိုနေမှုတွေကို ထိခိုက်စေနိုင်ကြောင်း၊ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လိုလားတယ်လို့ အစိုးရက ပြောနေပေမယ့် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ ရှိနေပြီး အစိုးရက သပ်သပ်၊ စစ်တပ်က သပ်သပ် ဖြစ်နေကြောင်း စိုင်းလက ပြောပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း ထိခိုက် သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။