BBC navigation

မြန်မာ့ စီးပွားရေး ပြောင်းလဲမှု အောင်မြင်ရင် တဦးချင်းဝင်ငွေတိုးလာနိုင်

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 16:13 GMT

အေဒီဘီ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Kunio Senga ရန်ကုန်က အေဒီဘီရုံးမှာ သြဂုတ်လ ၁ရက်နေ့က မိန့်ခွန်းပြောစဉ်

အေဒီဘီရဲ့ ခန့်မှန်းချက်အရ တကယ်လို့သာ မြန်မာနိုင်ငံဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် မကြာခင်မှာ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

သဘောကတော့ လတ်တလောမှာ မြန်မာနိုင်ငံရဲ့တဦးချင်းဝင်ငွေဟာ နှစ်စဉ်ပျှမ်းမျှ ၈၅၆ ဒေါ်လာ သာရှိပြီး ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံ တွေ စာရင်းထဲကနေ၊ အေဒီဘီရဲ့အနိမ့်ဆုံး ဝင်ငွေသတ်မှတ်ချက် ၁၀၂၅ ဒေါ်လာအထက်ကို ရောက်လာလိမ့်မယ်လို့ ဆိုလိုတာပါ။

အေဒီဘီရဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာဒုတိယဥက္ကဌ Stephen Groff က မြန်မာနိုင်ငံဟာ နှစ် ၂၀ အတွင်း စီးပွားရေးမှာအာရှရဲ့ကြယ်တပွင့်ဖြစ်လာနိုင်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေကိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့နက်နက်ရှိုင်းရှိုင်းဆက်လုပ်သွားမယ်ဆိုရင်အလျင်အမြန်ဖွံ့ဖြိုးတိုးတက် နေတဲ့အိမ်နီးချင်းနိုင်ငံတွေလိုဘဲစီးပွားရေးဖွံ့ဖြိုးမှုဟာနှစ်စဉ် ၇ နဲ့ ၈ ရာနှုန်းကြားမှာရောက်လာနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဆီကနေ အတွေ့အကြုံတွေကို ယူပြီး ပထမအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေး Macro Economic ကိုတည်ငြိမ်အောင်ထိမ်းရမှာ ဖြစ်သလို ငွေကြေး ဖောင်းပွမှုနည်းအောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရေရှည်အလုပ်ဖြစ်မယ့် ဘတ်ဂျက်ကို ဆွဲဖို့လိုပြီး လူသား ရင်းမြစ်ဖွံ့ဖြိုးရေးအတွက်လည်း ရင်းနှီးမြှုပ်နှံရမှာဖြစ်သလို ပညာရေးကျန်းမာရေးနဲ့လူမှုအထောက်အကူပြုလုပ်ငန်းတွေလုပ်ရမယ်လို့ ပြောပါတယ်။

အခြေခံအဆောက်အဦဖြစ်တဲ့ လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ကျေးရွာလူထုဆီ အထိရောက်အောင်လုပ်ပြီး စျေးကွက် ကိုသူတို့လက်လှမ်းမီနိုင်အောင်လုပ်ပေးရပါမယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့အစိုးရသစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာ ခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံဖက်က ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးလာပြီး ကမ္ဘာ့ဘဏ်နဲ့ အေဒီဘီအာရှဖွံ့ဖြိုးရေးဘဏ် တို့ကလည်း မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးလာတာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု ကို ၅ နှစ်အတွင်းမှာသုံးဆတိုးဖို့ဆောင်ရွက်သွားမယ်လို့ ကတိပေးထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။