BBC navigation

အစိုးရ ဝန်ကြီးများ ပိုင်ဆိုင်မှု သမ္မတထံ တင်ပြရ

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 16:56 GMT
Burma President U Thein Sein

သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေရမယ်လို့ သမ္မတ ပြောခဲ့

နိုင်ငံတော် သမ္မတက ဦးသိန်းစိန်က ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ နဲ့ တိုင်းနဲ့ ပြည်နယ် အဆင့် ဝန်ကြီးတွေ အပါအဝင် ထိပ်တန်း အစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စာရင်း ပြုစုပြီး ချိတ်ပိတ် တင်ပြဖို့ အမိန့် ထုတ်ပြန်ခဲ့ တယ်လို့ သမ္မတရုံးက ပြောပါတယ်။

အခု သမ္မတဆီ တင်သွင်း လိုက်တဲ့ ပိုင်ဆိုင်မှု စာရင်းကို အစိုးရရဲ့ အုပ်ချုပ်မှု ဆိုင်ရာ အခွင့် အာဏာနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး လိုအပ်ရင် အများ ပြည်သူ သိအောင် ထုတ်ပြန်မှာ ဖြစ်တယ်၊ လောလောဆယ် မှာတော့ ထုတ်ပြန်ဖို့ အစီ အစဉ် မရှိသေးဘူးလို့ သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အစိုးရ ထိပ်တန်း အရာရှိကြီးတွေနဲ့ ပတ်သက်ပြီး တိုင်တန်းချက် ဒါမှ မဟုတ် ပြဿနာ တစုံ တရာ ပေါ်ထွက်လာပြီ ဆိုရင် သမ္မတဆီ ပေးပို့ ထားတဲ့ စာရင်းနဲ့ လက်ရှိ ပေါ်လာတဲ့ ပြဿနာ ကိုက်ညီမှု ရှိမရှိ ပြန်လည် သုံးသပ် မယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ ဒုတိယ သမ္မတ နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တွေကို သူတို့ ရာထူး စတင် လက်ခံ ရယူပြီးချိန်က စလို့ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ပြည်ထောင်စု လွှတ်တော် နာယက ကို တင်သွင်း ထားပြီး ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေး အတွက် ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ်နဲ့ တိုင်း အဆင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှု တွေကို ထုတ်ဖော် ကြေညာ ဖို့ ဆိုတဲ့ အဆိုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ပုသိမ် မြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့ ပေမဲ့ မအောင်မြင် ခဲ့ပါဘူး။

လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ သူ့ အဆိုဟာ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ကျော်လွန် ဆောင်ရွက် ထားတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးဝင်းမြင့် ကတော့ လူထု သိအောင် ထုတ်ပြန်ဖို့ ဆိုတဲ့ အဆို ကို သူတင်သွင်းခဲ့တဲ့ ရည်မှန်းချက်က သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရေးကို ရည်ရွယ်တာဖြစ်တဲ့ အတွက် သမ္မတ ဘက်က ဆက်လက် လုပ်ဆောင်မှု တွေကို ကြည့်ပြီး သူ့ရဲ့ မူလ အဆိုကို ထပ် တင်သင့် မတင်သင့် စဉ်းစားမယ်၊ ပြည်သူ လူထု အတွက် အကျိုး ရှိမယ့် အဆို တွေကို ဆက်တင် သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။