BBC navigation

လွှတ်တော်နဲ့ ဖွဲ့စည်းပုံ ခုံရုံး အငြင်းပွားမှု နောက်ဆက်တွဲ

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 15:33 GMT
Burma Parliament

ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ကို လွှတ်တော် အမတ်တွေ လက်မခံ

လွှတ်တော် အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မီတီ၊ ကော်မရှင်နဲ့ အဖွဲ့အစည်း တွေကို ပြည်ထောင်စု အဆင့် မသတ်မှတ် နိုင်ဘူးလို့ ဖွဲ့စည်းပုံ ဥပေဒ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း ဝန်ခံဖို့ တောင်းဆိုမယ့် အဆိုကို ဆွေးနွေးကြဖို့ ကြာသပတေးနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအဆိုကို ပျော်ဘွယ် မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက တင်ခဲ့တာ ဖြစ်ပြီး ကမာရွတ် မြို့နယ် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ထောက်ခံ ဆွေးနွေးခဲ့ အပြီးမှာ လျှို့ဝှက် မဲပေး စနစ်နဲ့ ဆုံးဖြတ် ခဲ့ တာပါ။

ဒါဟာ လွှတ်တော်နဲ့ ဖွဲ့စည်းပုံ ခုံရုံး တို့ကြား ထိပ်တိုက် ဖြစ်နေတဲ့ ပြဿနာမှာ လွှတ်တော် ဘက်က တောင်းဆိုချက် နောက်ထပ် အသစ်တခု စတင်လိုက်တာလို့ ပြောနိုင် ပါတယ်။

ဒီအဆိုကို ဘယ်နေ့မှာ ဆက်ဆွေးနွေးမယ် ဆိုတာတော့ မဆုံးဖြတ်ရသေး ဘူးလို့ NLD ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

အခု အရေးပေါ် အဆို တင်သွင်းမှု မတိုင်ခင် သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတဲ့ အတွက် မနက်ပိုင်း ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေကို ရပ်နား ထားခဲ့ရ ပါတယ်။

အဲဒီ မတိုင်ခင် တစ်ရက် ကလည်း သမ္မတက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါ သေးတယ်။

ဆွေးနွေးပွဲ နှစ်ခုစလုံး မှာ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဘယ်ဘက်ကမှ ထုတ်ဖော် မပြောကြ ပေမဲ့ လွှတ်တော်နဲ့ ဖွဲ့စည်းပုံ ခုံရုံး ကိစ္စတော့ ပါလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေ ပါတယ်။

အဲဒီ အစည်း အဝေးတွေ နောက်ပိုင်းကျမှ တင်လာတဲ့ ဒီအဆိုဟာ ပြဿနာကို ညှိနှိုင်း ဖြေရှင်းဖို့ ထွက်ပေါက် ရှာတာလား၊ ဒါမှမဟုတ် လွှတ်တော် ဘက်က စွပ်စွဲ ပြစ်တင်မှုတွေ လုပ်ဖို့ခြေလှမ်း ပြင်လိုက် တာလား ဆိုတာ ကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

ပြည်သူ့လွှတ်တော် ဘက်က လွှတ်တော် အခွင့်အရေး ကော်မီတီ အဖွဲ့ဝင် ဦးစိုင်းဆောင်စီ ကတော့ ခုံရုံး အဖွဲ့ နုတ်ထွက်ဖို့ တောင်းဆိုထားရာကနေ အခု တော့ လုပ်ပိုင်ခွင့် မရှိတာကို မှားယွင်း လုပ်ဆောင် မိတယ်လို့ ကြေညာချက် ထုတ်ပေးဖို့ တောင်းဆိုတာက ပိုပြီး ထိရှမှု နည်းပါး နိုင်တယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

ဒီပြဿနာ နဲ့ပတ်သက်ပြီး ဒါဟာ ဥပဒေပြု အရာရှိတွေနဲ့ အုပ်ချုပ်ရေး အာဏာရှိတဲ့ အစိုးရတို့ကြားမှာ အားပြိုင်မှုလို့ သုံးသပ်သူတွေ ရှိ သလို၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ထိပ်တန်း ခေါင်းဆောင်တွေ ကြားမှာ အစိုးရပိုင်းမှာ ရောက်နေတဲ့ စစ်ဗိုလ်ဟောင်း တွေနဲ့ ဥပေဒပြု လွှတ်တော် အပိုင်းမှာ ရောက်နေတဲ့ အရင် အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေ၊ ထိပ်တန်း ခေါင်းဆောင်ဟောင်းတွေ ကြား အားပြိုင် နေကြတာလို့ သုံးသပ်တာ တွေလည်း ရှိပါတယ်။

သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စု လူ့အခွင့်အရေး ကောင်မရှင်ဟာ လွှတ်တော်က ဖွဲ့ပေးတာ မဟုတ်တဲ့ အတွက် ပြည်ထောင်စု အဆင့် အဖွဲ့ မဟုတ်ဘူးလို့ လွှတ်တော် ဘက်က ပယ်ချ ခဲ့တာ ရှိဖူး သလို၊ ဝန်ထမ်း လစာတွေ တိုးပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌရဲ့ တိုက်တွန်းချက်ကို အစိုးရ ဘက်က လက်မခံ ခဲ့တာတွေလည်း ရှိခဲ့ ပါတယ်။

အခု ပြဿနာ မှာတော့ လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မီတီ၊ ကော်မရှင်နဲ့ အဖွဲ့ အစည်း တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ သမ္မတရဲ့ ကိုယ်စား ရှေ့နေချုပ်က ဖွဲ့စည်းပုံ ခုံရုံးကို အဆိုတင် သွင်းခဲ့ရာက စခဲ့ တာပါ။

ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်က လက်မခံဘဲ အခုလို တောင်းဆိုမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။