BBC navigation

ရန်ကုန် ရေလျံမှုမှာ ကုမ္ပဏီကြောင့်ဆိုပြီး ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 00:23 GMT
Rangoon Flood August 20, 2012

ရန်ကုန်မြို့မှာ ဒီတပတ် အစောပိုင်းကတည်းက မိုးရေလျံနေ

ရန်ကုန်မြို့ သီရိမင်္ဂလာစျေးဟောင်းအနီး မိုးကြီး ရေလျံမှုကြောင့် စီးတင် နေတဲ့ ရေတွေဟာ ရန်ကုန်မြစ်ဘက်ကို မစီးဆင်းနိုင်ပဲ အေးရှားဝါ ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ပိတ်ဆို့နေတယ်လို့ ယူဆပြီး ဒေသခံတချို့က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

သောကြာနေ့ ညဦးပိုင်း ရန်ကုန် သီရိမင်္ဂလာစျေးဟောင်းအနီး ရပ်ကွက်တွေက ဒေသခံ လေးငါးရာလောက်ဟာ ရေမြောင်း ပိတ်ဆို့ပြီး ရေလျံနေတာဟာ အေရှား ဝေါ ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပိတ်ဆို့နေ တယ်လို့ ယူဆပြီး ဆန္ဒပြကြတာပါ။ အေရှားဝေါ ကုမ္ပဏီကနေ တာဝန်ယူ ဖြေရှင်းပေးဖို့ တချို့ကလည်း စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတစ်ဦးပြောတာကတော့ အခု ပိတ်ဆို့နေတဲ့ မြောင်းကြီးဟာ ကြည့်မြင်တိုင်နဲ့ အလုံမြို့နယ်နှစ်ခု ကြားက မြောင်းကြီးဖြစ်ပြီး မြောင်းထိပ်ဘက်မှာ Asia World ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရှိတယ်လို့ ပြောပါတယ်။

အေးရှားဝေါ ဆိပ်ကမ်းကို လာတဲ့ ကုန်တင်ယဉ်တွေလည်း လမ်းပိတ်ဆို့ပြီး အချိန်အတော်ကြာ ရန့်တန့်နေတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အေးရှားဝေါ ကုမ္ပဏီဘက်က တုံ့ပြန် ပြောဆိုတာတွေတော့ မရှိသေးပါဘူး။

ဆန္ဒပြနေတဲ့အချိန်မှာပဲ ဆန္ဒပြသူတွေနဲ့ အေရှားဝေါ တာဝန်ရှိသူတွေကြား ညှိနှိုင်းဖြေရှင်းပေးဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် တစ်ဦး ဖြစ်တဲ့ ကိုမြအေးနဲ့အဖွဲ့လည်း လာရောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ အေရှားဝေါ ကုမ္ပဏီက ပိတ်ဆို့နေတဲ့ နေရာတွေကို စက်ယန္တရားကြီးတွေ အသုံးပြုပြီး ဖယ်ရှားပေးနေတယ်လို့ သိရပါတယ်။

ဒီရေကြီး ရေလျံမှုရဲ့ အဓိက အကြောင်းအရင်းနဲ့၊ ဒီရေကြီး ရေလျံမှုကို အာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က ဘယ်လို ဆက်လက် လုပ်ဆောင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ရန်ကုန်မြို့မှာ မိုးအဆက်မမြတ်ရွာသွန်းနေတာကြောင့် တခြားနေရာတွေက လမ်းမတွေပေါ်မှာလည်း သောကြာနေ့က ရေလျံခဲ့တဲ့အပြင် အခု ဆန္ဒပြမှု ဖြစ်ပွားခဲ့တဲ့ နေရာအနီး စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်တွေ ဘက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ရေလျံခဲ့ပါတယ်။ ဒေသခံတွေ အဆိုအရ နှစ်ပေါင်း ၅၀ လောက်အတွင်း အခုလောက် ရက်ကြာကြာ ရေလျံတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။