BBC navigation

ဆားလင်းကြီး ကြေးနီစီမံကိန်း ပြဿနာ ပိုကြီးလာ

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 15:47 GMT

ဇူလိုင်လကလည်း စစ်ကိုင်းမှာ ၁၉၉၈ ခုနှစ်က အသိမ်းခံ လိုက်ရတဲ့ လယ်တွေ ပြန်ရရေး လယ်သမားတွေ ဆန္ဒပြခဲ့ကြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရဆီက လုပ်ပိုင်ခွင့် ရထားတဲ့ မြန်မာ့ စီပွားရေး ဦးပိုင် ကုမ္ပဏီနဲ့ တရုတ် အမျိုးသားပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ ဖက်စပ် လုပ်ငန်းခွင်မှာ ဒေသခံ ကျေးရွာ ၂၆ ရွာက လယ်ဧက ၇ ထောင်ကျော်ကို သိမ်းယူ ထားတယ် ဆိုပြီး ဒေသခံ လယ်သမားတွေနဲ့ အချင်းများနေတဲ့ ပြဿနာဟာ တနေ့ထက် တနေ့ ပိုပြီး တင်းမာလာ နေပါတယ်။

စနေနေ့က ဆိုရင် ဒေသခံလယ်သမား တထောင်ကျော်က မောင်းတွေထု ဆန္ဒပြပြီးတော့ သူတို့ပိုင် လယ်မြေတွေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို သူတို့ပိုင် လယ်ကွက်တွေမှာ လိုက်စိုက် သလို ကုမ္ပဏီဘက် ကလည်း ဒေသခံ ပြည်သူ့ရဲတပ်ဖွဲ့ ရာကျော်သုံးပြီး တားမြစ် နေရပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဦးပိုင်ကုမ္ပဏီဘက်က တာဝန်ခံနဲ့ ဆားလင်းကြီး အုပ်ချုပ်ရေးမှူးတို့က ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်တွေဟာ လျော်ကြေး ပေးပြီးသားဖြစ်လို့ ကုမ္ပဏီ ဘက်က ပိုင်ဆိုင်ကြောင်း လယ်သမားတွေကို ပြောဆိုခဲ့ တယ်လို့ သိရပါတယ်။

လယ်သမားအရေး ကြားဝင်ကူညီနေတဲ့ ဆည်တဲရွာက ဆရာတော် ဦးနန္ဒာစာရကတော့ ကုမ္ပဏီဘက်က ဒီလယ်မြေတွေကို သူတို့ပိုင်ဆိုင်ပြီး ဖြစ်တယ်လို့ ဒီလိုပြတ်ပြတ်သားသား ပြောလာတော့ ဒေသခံ လယ်ပိုင်ရှင်တွေရဲ့ သဘောထားတွေ ကလည်း အတော် တင်းမာပြီး မခံမရပ် ဖြစ်နေကြတယ်လို့ မိန့်ပါတယ်။

ပြဿနာတွေ ဆက်ဖြစ်ရင် မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတော့မှာမို့ လယ်သမားတွေ ဘက်ကတော့ ဥပဒေကြောင်းအရ ဆက်ပြီး လုပ်ဆောင်သွား မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဘက် ကတော့ ၂၀၁၁ ခုနှစ်က ပေးခဲ့တဲ့ တဧက ၅ သိန်း ၂ သောင်းဟာ မြေတန်ကြေးပါ ပါပြီးဖြစ်တယ်လို့ ပြောပေမယ့် လယ်သမားတွေ ကတော့ ဒီငွေကြေးဟာ ၃နှစ် သီးနှံ မစိုက်ရလို့ နစ်နာတဲ့ အတွက်ပေးတဲ့ နစ်နာကြေး သက်သက်ဖြစ်လို့ မြေတန်ကြေး မပါဘူးလို့ ပြောဆို နေကြပါတယ်။

ဒီကိစ္စတွေ ဥပဒေကြောင်း အရ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ မသိသေးပေမယ့် ဒေသခံတွေ ကတော့ လယ်ယာမြေ ဆုံးရှုံးတာ အပြင် စက်ရုံက ထွက်လာတဲ့ စွန့်ပစ်ရေတွေ ကြောင့် ပတ်ဝန်းကျင်က လယ်တွေဟာလည်း စိုက်ပျိုးမရ ဖြစ်မယ့် အခြေအနေတွေ ရှိခဲ့ဘူးတာမို့ ဒီစီမံကိန်းကို မလိုလားကြဘူးလို့ ဘီဘီစီကို ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။