BBC navigation

ရခိုင် အတွက် အင်ဒိုနီးရှား အကူညီတွေ စရောက်

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 15:06 GMT
Indonesia aid for Burma

နောက်ထပ် အကူညီတွေ ဆက်ရောက် လာဖို့ ရှိတယ်လို့ အင်ဒိုနီးရှား အရာရှိကဆို

အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့က ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခ ရောက်ကြ ရသူတွေ အတွက် ကူညီ ထောက်ပံတဲ့ ပစ္စည်း တွေ ရန်ကုန်မြို့ကို စတင် ရောက်ရှိ နေပါပြီ။

အင်ဒိုနီးရှားရဲ့ ဒီအကူအညီ တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အင်ဒိုနီးရှား သံရုံးက သတင်း ပြန်ကြားရေး နဲ့၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ တာဝန်ခံ တတိယ အတွင်းဝန် မစ္စတာ ဂျူမာရာ ဆူပရီယာဒီ (Djumara Supriyadi) ကို ဆက်သွယ် မေးကြည့်တော့ သူက ခုလို ပြော ပါတယ်။

မစ္စတာဂျူမာရာ ။ ။ သြဂုတ်လ ၂၅ ရက်နေ့ မနက် တုန်းက အရေးပေါ် အကူညီ ပစ္စည်း ၇ ဒဿမ ၂ တန်ကို အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့က မြန်မာ ကြက်ခြေနီ အသင်းကို လွှဲပြောင်း ပေးအပ် ခဲ့ပါတယ်။ အဲဒီ ထဲမှာ စောင်တွေ၊ လုံခြည်တွေ၊ သန့်စင်ရေး ပစ္စည်း အထုပ် တွေ ပါပါတယ်။ ဒါဟာ အင်ဒိုနီးရှား နိုင်ငံက ပေးအပ်မယ့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ အများအပြား ရဲ့ပထမ အသုတ်ဖြစ် တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ သြဂုတ်လ ၁၀ ရက်နေ့ တုန်းက အင်ဒိုနီးရှား ဒုတိယ သမ္မတ ဟောင်း မစ္စတာ ယူဆွတ် ကာလား နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံ ခဲ့ပြီး တဲ့နောက် ကာလ ရှည်ကြာ ဆက်ဆံမှု ရှိခဲ့တဲ့ အင်ဒိုနီးရှား နဲ့ မြန်မာ ကြက်ခြေနီ အဖွဲ့ တို့ရဲ့ ပူးပေါင်း ဆောင် ရွက်မှု တခု ဖြစ်ပါတယ်။ အင်ဒို နီးရှား ကြက်ခြေနီ အဖွဲ့က စေတနာ့ ဝန်ထမ်း တွေလည်း ဒီမှာ ရောက်နေ ကြပြီး စစ်တွေ ကို အကူညီ ပစ္စည်းတွေ ရောက်လာတဲ့ အခါမှာလည်း သူတို့ ရှိနေကြ မှာပါ။ စက်တင်ဘာ ၆ ရက် နေ့ လောက်မှာ အဲဒီကို ပစ္စည်းတွေ ရောက်နိုင်မယ်လို့ မျှော်လင့် ပါတယ်။ အဲဒီမှာ အခက်အခဲ အများဆုံး ရှိနေတဲ့ ဒုက္ခသည် တွေကို ဒေသခံ အစိုးရနဲ့ ပူးပေါင်း ကူညီ သွားမှာပါ။

ဘီဘီစီ ။ ။ ရခိုင်ပြည်နယ်ကိုဒီအကူအညီတွေဘယ်လိုပို့ပေးမှာပါလဲ။ လေကြောင်းနဲ့လား။

မစ္စတာဂျူမာရာ ။ မူလ အစီအစဉ် အရ ဆိုရင်တော့ အင်ဒိုနီးရှား က ရောက်လာမယ့် အကူအညီ တွေကို ရန်ကုန်မြို့က တဆင့် လေယာဉ်နဲ့ အဲဒီကို တိုက်ရိုက် ပို့ပေးဖို့ ပါဘဲ။ ဒါပေမယ့် စစ်တွေ လေဆိပ်မှာ လေယာဉ်ကြီးတွေ ဆင်းလို့ မရတဲ့ အတွက် ရန်ကုန်မှာ ကုန်တွေ ကို ချပြီး စစ်တွေကို သင်္ဘောနဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ဒီအကူ အညီကို ဘယ်သူ တွေကို ပေးမှာ ပါလဲ။

မစ္စတာ ဂျူမာရာ ။ ။ ရခိုင် ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရနဲ့ ကြက်ခြေနီ အဖွဲ့ရဲ့ သဘောထား က သိပ်ရှင်း ပါတယ်။ ကျွန်တော်တို့ မှာ ကြားနေရေး မူဝါဒ ရှိပါတယ်။ ပဋိပက္ခ ကြောင့် ထိခိုက် ခံရတဲ့ နှစ်ဖက်လုံးကို သာတူညီမျှ အချိုးကျ ပုံစံနဲ့ ကူညီ သွားမှာပါ။ မြန်မာ ကြက်ခြေနီ အဖွဲ့ရော အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့အတွက်ပါ ဒီကြားနေရေး မူဝါဒ ဟာသိပ် အရေးကြီး ပါတယ်။

ဘီဘီစီ ။ ။ ကြားနေရေးနဲ့ ပတ်သက်လို့ ဒေသခံ တိုင်းရင်းသား တွေက ကုလသမဂ္ဂနဲ့ အန်ဂျီအို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တချို့ ဟာ ဘက်လိုက်တယ် ဆိုပြီး ယူဆတာမျိုး တွေလည်း ရှိနေ ပါတယ်။ ပြီးတော့ အင်ဒိုနီးရှား နိုင်ငံ မြန်မာ သံရုံးရှေ့မှာ ရိုဟင်ဂျာ တွေ အတွက် ဆန္ဒပြခဲ့ တာတွေလည်း ရှိပါတယ်။ ဒီတော့ အင်ဒိုနီးရှားက အကူအညီကို ဒေသခံ တွေက လိုလိုလားလား လက်ခံ ပါ့မလား။

မစ္စတာဂျူမာရာ ။ ။ မြန်မာ အစိုးရ ကရော မြန်မာ ကြက်ခြေနီ အဖွဲ့ကရော ဒီထောက်ပံ့မှု တွေကို လက်ကမ်း ကြိုဆိုပါတယ်လို့ ပြောထား ပြီးသား ပါ။ ရခိုင် ပြည်နယ်မှာ ရှိနေတဲ့ ဒေသခံ တွေကလည်း ဒီအလှူကို ကြိုဆို လက်ခံတယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ မြန်မာ နိုင်ငံက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို အင်ဒိုနီးရှား က ထောက်ခံခဲ့ ပါတယ်။ ဒါကြောင့် ဒီအရေးအခင်း ဖြစ်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို မထိခိုက် အောင် အင်ဒိုနီးရှား ဖက်က ကူညီ ဆောင်ရွက် ပေးဖို့ စိတ်အား ထက်သန်တာနဲ့ အညီ ဆောင်ရွက်မှုတွေ လုပ်ခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။