BBC navigation

ကျပ်သိန်းတရာကျော်ဖိုး၊ ငွေစက္ကူအတုတွေ ဖမ်းဆီးမိ

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 16:36 GMT

ဗဟိုဘဏ်ရဲ့ နောက်ဆုံးထုတ်ကတော့ ကျပ် တသောင်းတန် ဖြစ်ပါတယ်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ဟိုမိန်း ဒေသမှာ မြန်မာကျပ်ငွေ သိန်း ၁ ရာကျော် တန်ဖိုးရှိတဲ့ ငွေစက္ကူ ကျပ် ၅၀ဝ၀ တန် အတု သယ်ဆောင်သူ အမျိုးသမီး တဦးကို ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့ တဖွဲ့က ဖမ်းဆီး ရမိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ သြဂုတ်လ ၂၄ ရက် နေ့က ဟိုမိန်း ဒေသမှာ အခြေစိုက် လှုပ်ရှားနေတဲ့ မဟာကြာ ပြည်သူ့ စစ်တပ်ဖွဲ့ခေါ် Shan State South (S သုံးလုံး) ပြည်သူ့စစ် တပ်ဖွဲ့ဟာ မြန်မာ ငွေစက္ကူ ကျပ် ၅၀ဝ၀ တန် သယ်ဆောင်တဲ့ အသက် ၄၀ ကျော်ရှိတဲ့ နန်းနု (ခေါ်) နန်းပေါက်ကို ငွေသားအတု သိန်း ၁၅၀ ကျော်နဲ့ အတူ ဟိုမိန်းမြို့ အတွင်းမှာ ဖမ်းဆည်းရ မိပါတယ်။

နန်းနုဟာ ဟိုမိန်းဒေသ အတွင်းမှာ အခုလိုမျိုး ငွေတုတွေ အကြိမ်ကြိမ် သယ်ဆောင်လာဖူးကြောင်းနဲ့ အခုတခါ သူ့ကို ဖမ်းဆီးမိ တာဟာ တတိယ အကြိမ် ဖြစ်တယ်လို့ ဟိုမိန်း ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ပထမ အကြိမ်တုန်းက ကျပ် ၃ သိန်းဖိုးနဲ့ ဒုတိယ အခေါက်မှာ သိန်း ၅၀ ဖိုး ငွေတုတွေကို သယ်ခဲ့တာ ဖြစ်ပြီး၊ သူ့လုပ်ရပ်ကို သိတဲ့ ဒေသခံ အာဏာပိုင် တချို့က သူ့ကို ဆက်မလုပ်ဖို့ တားမြစ်ခဲ့တယ်လို ဆိုပါတယ်။

အဲဒီလို တားတဲ့ကြားက အခုလို ပြန်သယ်ဆောင်တော့ ဒေသခံ ပြည်သူ့စစ်တွေက ဖမ်းဆီး လိုက်တာ ဖြစ်တယ်လို့ ဒေသခံက ရှင်းပြပါတယ်။

နန်းနုဟာ လင်းခေးမြို့နယ် နားကုန်းဒေသခံ တစ်ယောက်ပဲဖြစ်ပြီး၊ သူဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကတည်းက နေထိုင်နေပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ မှတ်ပုံတင်ကို ကိုင်ဆောင် သွားလာနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ဆိုချက် အရ ဒီငွေစက္ကူ အတုတွေကို ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူက တဆင့် ယူပြီး မယ်ဟောင်ဆောင် လမ်းကြောင်း ကနေ သယ်ဆောင်တာ ဖြစ်တယ်။ ငွေတွေကို ရောင်းချတဲ့ ပုံကတော့ ကျပ်ငွေ ၅ သိန်းကို ဘတ်ငွေ ၇ ထောင်နဲ့ ရောင်းချ နေတာဖြစ်တဲ့ အကြောင်း နန်းနုက ထွက်ဆိုထားတယ်လို့ ဟိုမိန်း ဒေသခံ အာဏာပိုင် တစ်ယောက်က ပြောပါတယ်။

အခုချိန်မှာတော့ နန်းနုနဲ့ သူ့ဆီက ဖမ်းဆီးရမိတဲ့ ငွေသားတွေကို အစိုးရတာဝန်ရှိသူတွေဆီ လွဲပြောင်း ပေးလိုက်ပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။