BBC navigation

မြန်မာအစိုးရ ဝန်ကြီးများ အပြောင်းအလဲ

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 13:25 GMT

ငြိမ်းချမ်းရေးအဖွဲ့ဝင်ဝန်ကြီးတွေ သမ္မတရုံးဝန်ကြီးတွေ ဖြစ်လာ

မြန်မာအစိုးရ ဝန်ကြီးအဖွဲ့အတွင်း ဝန်ကြီး တချို့ကို ပြောင်းလဲတာဝန်ပေးလိုက်တဲ့ သမ္မတရဲ့ အမိန့် ဒီကနေ့ ထွက်ပေါ်လာပါတယ်။

သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဒီအမိန့် ကြေညာချက်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုသိန်းတို့ကို တခြား ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း တို့နဲ့အတူ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတွေအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ယခင် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပြီး၊ သူ့နေရာကို အရင် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကို အစားထိုး ခန့်အပ် လိုက်ပါတယ်။

စက်မှုဝန်ကြီးဌာနမှာတော့ ဦးအေးမြင့်က တာဝန်ယူမှာ ဖြစ်ပြီး၊ ဦးအုန်းမြင့် မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးတခု တည်းကို တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ ဦးတင့်ဆန်း ကလည်း အားကစားဝန်ကြီးဌာန တခုတည်းကို တာဝန်ယူမှာ ဖြစ်ပါတယ် ။

နောက်တခါ ဒုတိယဝန်ကြီး ၁၅ ဦးကိုလည်း အသစ်ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ ဆက်သွယ်ရေးနဲ့ ကြေးနန်း ဒုတိယ ဝန်ကြီး အဖြစ် KMD ဦးသောင်းတင် ဖြစ်လာပြီး၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးသန်းဆွေကို ခန့်အပ် တယ်လို့ ဖေါ်ပြ ထားပါတယ်။

သတင်းစာ ဆရာ မောင်ဝံသကတော့ သမ္မတရုံးဝန်ကြီးတွေ များလာတဲ့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဖိဖိစီးစီး ပိုလုပ်နိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

နောက်ပြီး ၂၀၀၂ ခုနှစ်ထဲက ဝန်ကြီး တာဝန်တွေ တခုပြီး တခု ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီး ဦးကျော်ဆန်းကို သမဝါယမ ဝန်ကြီးဌာန ပို့လိုက်တာဟာ သူနဲ့ ပိုပြီး သင့်လျော်မယ်လို့ ယူဆကြောင်း မောင်ဝံသက ပြောပါတယ်။

ဝန်ကြီး ဦးအောင်ကြည် တယောက် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာတာကို ကြိုဆိုပါတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။