BBC navigation

နာမည်ပျက် စာရင်းသွင်း ခံရသူ တချို့ ကို ပယ်ဖျက်ပေး

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 16:03 GMT
Two-thousand names off Burma's blacklist

နာမည်ပျက် စာရင်းထဲက နှစ်ထောင်ကျော် ကို ပယ်ဖျက် ပေး

အရင် မြန်မာ အစိုးရ အဆက်ဆက်က သတ်မှတ်ထားတဲ့ blacklist နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်း ခံထားရသူ ၆၁၆၅ ယောက် ထဲမှာ ၂၀၈၂ယောက်ကို စာရင်းထဲက ပယ်ဖျက် ပေးလိုက်ပြီလို့ အစိုးရက ထုတ်ပြန် ကြေညာ လိုက် ပါတယ်။

အရင်က နာမည်ပျက် စာရင်းဝင် အဖြစ် သတ်မှတ် ခဲ့ရာကနေ ပယ်ဖျက် ပေးခံရတဲ့ ပြည်ပရောက် မြန်မာ နိုင်ငံသား တွေကို နိုင်ငံတွင်း ပြန်လာရေး အတွက် ခွင့်ပြု ပေးသွားမယ်လို့ လည်းဖေါ်ပြထား ပါတယ်။

သမ္မတရဲ့ ဥပဒေ ရေးရာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးစစ်အေး ကတော့ အဲဒီ လူတွေကို ပြည်တွင်း နဲ့ ပြည်ပ ပူးပေါင်းပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်ခဲ့သူတွေ၊ အကြမ်း ဖက်မှုနဲ့ ပတ်သက် သူတွေ ရာဇဝတ်မှု ကျူးလွန်သူတွေ လို့ အရင် အစိုးရ ခေတ် အဆက်ဆက်က သတ်မှတ်ပြီး နာမည်ပျက် စာရင်း ထဲ ထည့်သွင်း ထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို စာရင်းပယ်ဖျက်ပေးလိုက်တာဟာ အခု အချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေကို အသိ အမှတ်ပြုပြီး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ မြန်မာ နိုင်ငံကို ပြန်လာချင် ကြတဲ့ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ ဟာ နာမည်ပျက် စာရင်းကြောင့် အခက် အခဲတွေ ရှိနေတာကို သိရတဲ့ အတွက် သူတို့ တတွေ ပြန်လာနိုင်အောင် လုပ်ဆောင် ပေးတာလို့ ပြောပါတယ်။

အင်္ဂါ နေ့ထုတ် သတင်းစာတွေ ထဲမှာ တချို့ကို ပယ်ဖျက်ကြောင်း ထုတ်ပြန် ခဲ့ပေမဲ့ ဘယ်သူတွေ ကျန်ပြီး ဘယ်သူ တွေကို ပယ်ဖျက် ပေးလိုက်တယ် ဆိုတဲ့ စာရင်း အတိအကျကို အခုချိန်ထိ ထုတ်ပြန်တာ မတွေ့ရ သေး ပါဘူး။

ဒါပေမဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ရေး လှုပ်ရှားမှုမှာ ပါဝင် ပတ်သက် ခဲ့မှုကြောင့် ပြည်ပကို ထွက်ပြေး ခဲ့ကြရတဲ့ အထင်ကရ နိုင်ငံရေး ခေါင်းဆောင် တချို့ ကတော့ မကြာခင် ရက်ပိုင်း အတွင်းမှာ ပြည်တွင်း ကို ပြန်ဖို့ ခွင့်ပြုချက် ရကြတဲ့ အတွက် နာမည်ပျက် စာရင်း ပယ်ဖျက် ခံရ သူတွေထဲမှာ သူတို့ ပါဝင်တယ်လို့ ယူဆရကြောင်း အန်အယ်လ်ဒီ အယ်လ်အေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံဟောင်း ဖြစ်သူ ဦးညိုအုန်းမြင့် က ဘီဘီစီကို ပြောပါတယ်။

နာမည်ပျက် စာရင်း သတ်မှတ်တဲ့ နေရာမှာ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က အဓိက သက်ဆိုင်နေပြီး သူတို့ အချင်းချင်းကြား ဆက်သွယ် ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး စာရင်းထဲကနေ နောက်ထပ် ပယ်ဖျက် ပေးလိမ့်မယ်လို့ သူ မျှော်လင့်ကြောင်းလည်း ဦးညိုအုန်းမြင့်က ပြောပါတယ်။

သူနဲ့ အတူ FTUB မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် က ဦးမောင်မောင်၊ NCUB က ဒေါက်တာ သောင်းထွန်းတို့ အပါအဝင် နိုင်ငံရေး သမား ငါးယောက်နဲ့ အမေရိကန်ရောက် ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်တို့ အပါအဝင် ၇ ယောက်၊ စုစုပေါင်း ၁၂ ယောက်တို့ ဟာ အခုလကုန်မှာ မြန်မာ နိုင်ငံကို သွားရောက် ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။