BBC navigation

KNU နဲ့ ငြိမ်းအဖွဲ့ ဘားအံမှာ တွေ့ရန်ရှိ

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 21:07 GMT

ကေအင်ယူ ဆက်ဆံရေးရုံးဖွင့်စဉ်က ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ဝင်များ

သြဂုတ်လ ၂၇ ရက်နေ့က တွေ့မယ့် အစီအစဉ် ပျက်သွားတဲ့ ကေအင်ယူ နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကြား တတိယအကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂ ရက်နေ့ ဘားအံ မှာ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က စက်တင်ဘာ ၂ ရက်နဲ့ ၃ရက် မှာ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဘားအံမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အကြောင်းကြား တယ်လို့ ကေအင်ယူ က ပြောပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ ကေအင်ယူ ကိုယ်စားလှယ် အဖွဲ့ကို အဖွဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင် သွားမှာ ဖြစ်ပါတယ်။

အခု ပြုလုပ်မယ့် တတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဘက် လိုက်နာရမယ့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် ၊ တပ်ပြောင်းရွှေ့ခြင်း ကိစ္စတွေ ဆွေးနွေးမှာ လို့ ကေအင်ယူ ငြိမ်းချမ်းရေး အဖွဲ့ ပြောခွင့်ရ နော်မေဦး မူတြောက ပြောပါတယ်။

ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး အာမခံမယ့် ကျင့်ဝတ် စည်းကမ်းတွေ ဖြစ်ဖို့ မျှော်လင့်တယ်လို့ ကေအင်ယူဘက်က ပြောပါတယ်။

တကယ်တော့ ဒီဆွေးနွေးပွဲကို သြဂုတ်လ ၂၇ က ၂၉ အထိ ဘားအံမြို့ ဇွဲကပင် ဟိုတယ်မှာ ကျင်းပဖို့ နှစ်ဘက် သဘောတူထား ပေမယ့် အစိုးရက ရွှေ့ဆိုင်းလိုက် တယ်လို့ ကေအင်ယူက သြဂုတ်လ ၂၅ရက် နေ့ ထုတ် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီလိုရွှေ့ဆိုင်း တာဟာ အစိုးရ ဘက်က ငြိမ်းချမ်းရေး တာဝန်ယူထားတဲ့ ဝန်ကြီး မအားလပ်တာကြောင့် ဖြစ်ကြောင်း၊ ဝန်ကြီး ဌာန အပြောင်းအလဲ ရှိပေမယ့် ဦးအောင်မင်းက အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လို့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစုံတရာ အပြောင်းအလဲ မရှိဘူးလို့ နော်မေဦး မူတြောက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။