BBC navigation

အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 16:04 GMT
Garment Factory in China

စျေးကွက် ရှိမှ အထည်ချုပ် လုပ်ငန်း ရှင်သန်နိုင်မယ်

မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ်မှာ ထုတ်လုပ်အား လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

နိုင်ငံခြား ကိုတင်ပို့တဲ့ အထည်ချုပ် စက်ရုံ ၂ဝဝ နီးပါး ရှိပြီး အလုပ်သမား တစ်သိန်း ဝန်ကျင်လောက် ရှိတဲ့ အထည်ချုပ် လုပ်ငန်းမှာ အနည်းဆုံး ထုတ်လုပ်အား ၁ဝ ရာခိုင်နှုန်းကျော် လျော့ကျ လာနေတာ တွေ့ရတယ်လို့ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းက ပြောပါတယ်။

နှစ်စဉ် ၃၀ ရာခိုင်နှုန်း တိုးတက်လေ့ ရှိပြီး မနှစ် တုန်းက ၉ဝ ရာခိုင်နှုန်း အထိ တက်လာတဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ် မှာတော့ ပြီးခဲ့တဲ့ နှစ်ရဲ့ ၆ လချင်း နှိုင်းယှဉ် ကြည့်မယ် ဆိုရင် လျော့ကျတာ တွေ့နေ ရတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

အခုလို ကျဆင်းရတဲ့ အကြောင်း တွေက လုပ်အားခ မြင့်တက်လာမှု၊ ငွေလဲလှယ်နှုန်းက ဖြစ်သင့်တဲ့ စျေး အောက်မှာပဲ ရှိနေ သေးမှုနဲ့ အထွေထွေ ကုန်ကျ စရိတ် မြင့်တက်လာမှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက အရေ အတွက် များများ ထုတ်လုပ် ခဲ့တဲ့ အတွက် အလုပ်သမားတွေ အနေနဲ့ ထုတ်လုပ်နိုင်မှု စွမ်းအား ကို ကျော်လွန် သွားတာကြောင့် အရည် အသွေးပိုင်းမှာ လိုအပ်မှုတွေ ရှိလာတယ်၊ ဒါကြောင့် ဂျပန် စျေးကွက်ထဲမှာ အရည် အသွေးပိုင်းဆိုင်ရာ ငြိုငြင်မှု၊ စိုးရိမ် မှုတွေ ရှိလာတယ်လို့ သူက ပြောပါတယ်။

အဲဒီ အခြေအနေမှာ အလုပ်အကိုင်ရမှု နည်းလာပြီး မြန်မာ နိုင်ငံဘက်က တောင်းတဲ့ အထည်ချုပ်ခကို တဘက်က လိုက်လျော ပေးခြင်းမရှိဘဲ အပ်ထည် အော်ဒါ နည်းပါး လာတယ်လို့ လည်း ဆိုပါတယ်။

အရေးကြီးဆုံး ဖြစ်တဲ့ ငွေလဲလှယ်နှုန်းကို အမေရိကန် တစ်ဒေါ်လာ ၉၇၅ ကျပ်လောက်မှ အဆင်ပြေမယ်လို့ တွက်ချက် ထားကြောင်းလည်း ဦးမြင့်စိုးက ပြောပါတယ်။

အထည်ချုပ် လုပ်ငန်း ရှင်သန် ဖို့နဲ့ အလုပ် သမားတွေ အလုပ် အကိုင်ရရှိရေးမှာ အရေးတကြီး လိုအပ်ချက် တွေရှိနေပြီး စျေးကွက် ရရှိရေး ဆိုတဲ့ ပထမ အချက်မှာ ဥရောပရဲ့ အခွန် သက်သာမှု ခွင့်ပြုချက် ရဖို့၊ ကမ္ဘာ့ အကြီးဆုံး အမေရိကန် စျေးကွက်ကို တင်ပို့နိုင်ဖို့ တို့ ဖြစ်တယ် လို့ သူက ပြောပါတယ်။

ဒါ့အပြင်အချိန်ပို လုပ်ကိုင် ခွင့်ကို အရင်က သတ်မှတ် ထားတဲ့ ၂၈ နာရီ အစား ၁၆ နာရီပဲ ခွင့်ပြု ပေးတာကြောင့် အထည်တွေ မပြီးတဲ့ ကိစ္စနဲ့ ပြည်ပ နိုင်ငံတွေထက် မြန်မာ နိုင်ငံမှာ အထွေထွေ ကုန်ကျ စရိတ် ပိုများတဲ့ ကိစ္စတို့ ဖြစ်လာ တယ်လို့ ဦးမြင့်စိုးက ထောက်ပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။