BBC navigation

ပြည်ပရောက် နိုင်ငံရေး ခေါင်းဆောင် တချို့ ရန်ကုန် ပြန်ရောက်

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 15:36 GMT
ABSDF

အစိုးရ နဲ့ တွေ့ဆုံဖို့ အမြဲ တောင်းဆို ခဲ့တာလို့ ကျောင်းသား တပ်မတော် ဥက္ကဌဟောင်းက ပြော

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း ဖိတ်ခေါ်ချက် အရ ပြည်ပနေ နိုင်ငံရေး လှုပ်ရှားသူတွေ ပြည်တွင်းကို ပြန်သွား နေကြရာမှာ နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင် သုံးယောက် သောကြာနေ့က ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ လာကြ ပါတယ်။

ပြန်ရောက် လာသူတွေ ကတော့ ၁၉၈၈ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ နောက်ပိုင်း ပြည်ပကို ထွက်သွား ခဲ့တဲ့ ABSDF မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး ဥက္ကဌဟောင်း ဒေါက်တာ နိုင်အောင်၊ တခြား နိုင်ငံရေး အတိုက်အခံ ထင်ရှားသူ တွေ ဖြစ်တဲ့ ဒေါက်တာ သောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ ဖြစ်ကြ ပါတယ်။

ဒေါက်တာ နိုင်အောင်က သူတို့ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အမြဲ တောင်းဆိုနေခဲ့တဲ့ အတိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့က ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တခြား ဝန်ကြီးတွေနဲ့ရော သမ္မတနဲ့ပါ တွေ့နိုင်အောင် မြန်မာ နိုင်ငံကို လာဖို့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က ဖိတ်ခေါ်တဲ့ အတွက် လာရောက်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေ၊ နယ်စပ် အခြေစိုက် အဖွဲ့ အစည်းတွေနဲ့ အစိုးရ အဖွဲ့ စတဲ့ အင်အားစုတွေ အားလုံး လာမယ့် ၂၀၁၅ ခုနှစ် မတိုင်ခင်မှာ ဆွေးနွေး ကြဖို့ လိုအပ် ကြောင်း အစိုးရ ပိုင်းနဲ့ တွေ့တဲ့ အခါ ပြောဆိုမယ်လို့ ဒေါက်တာ နိုင်အောင်က ပြောပါတယ်။

သူတို့ ဝန်ကြီး ဦးအောင်မင်းနဲ့ အလွတ် သဘော တွေ့ဆုံခဲ့မှု ကနေ အခုလို တရားဝင် တွေ့ခွင့်ရတဲ့ ပုံစံမျိုး ဖြစ်လာတာ၊ မြန်မာ နိုင်ငံကို လာရောက်ခွင့် ရလာ တာဟာ တဆင့်မြင့် လာတာ ဖြစ်တယ်၊ ပြုပြင် ပြောင်းလဲရေး အတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တွေ့ဆုံ ကြတဲ့ အခါ ဘယ်လောက် အတိုင်း အတာ အထိ အစိုးရ ဘက်က လက်ခံမယ် ဆိုတာ ကိုတော့ မပြောနိုင် ကြောင်းနဲ့ အရင် တွေ့ဆုံမှုတွေ တုန်းက မတရားသင်း သတ်မှတ်ချက် ပယ်ဖျက် ပေးဖို့ သူတို့ တောင်းဆိုခဲ့ ပြီးတဲ့နောက် မကြာသေးခင်ရက်တွေကပဲ နာမည်ပျက် စာရင်း ကနေ ပယ်ဖျက် ပေးခဲ့တာ မျိုးလို သူတို့ ဘက်က တောင်းဆိုမှု တချို့ကို အစိုးရ ဘက်က လိုလိုလားလား လက်ခံ ခဲ့တာ ရှိတယ်လို့ လည်း ဒေါက်တာ နိုင်အောင်က ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။