BBC navigation

ဝန်ကြီးဌာန ပြောင်းလဲမှု အတည်ပြုဖို့ လွှတ်တော်ကိုတင်

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 15:06 GMT
U Thein Sein

သမ္မတရုံး ဝန်ကြီး ၆ ဦးအထိ ခန့်ထားဖို့ ဦးသိန်းစိန်က ဆုံးဖြတ်

သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်း တနှစ်ခွဲ အကြာမှာ ဝန်ကြီးဌာန အပြောင်းအလဲ တွေ လုပ်ဖို့ အတွက် လွှတ်တော်ရဲ့ သဘော တူညီချက်ကို ရယူဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်လိုက် ပါပြီ။

ဖွဲ့စည်းပုံ အသစ်အရ အရင်ရှိနေတဲ့ လျှပ်စစ် (၁) နဲ့ လျှပ်စစ် (၂) ဝန်ကြီးဌာန နှစ်ခုကို ပေါင်းပြီး တခုတည်း ထားတော့မှာ ဖြစ်သလို လွှတ်တော်က ဘတ်ဂျက် ချမပေးတဲ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုလည်း ဖျက်သိမ်း လိုက်ပါတယ်။

သမ္မတရုံး ဝန်ကြီးတွေကိုတော့ စုစုပေါင်း ၆ ဦးအထိ တိုးမြှင့် ခန့်ထားမှာ ဖြစ်ပါတယ်။ အခု အသစ်တင်ပြ လိုက်တဲ့ ဖွဲ့စည်းပုံအရ ဝန်ကြီးဌာန စုစုပေါင်း ၃၆ ခုဖြစ်သွား ပါတယ်။

အခုလို သမ္မတရုံး ဝန်ကြီးတွေ အများအပြား ခန့်ထား တာနဲ့ ပတ်သက်ပြီး ဒါဟာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အတွက် လိုအပ်ချက် အရ ဖွဲ့စည်းတာ ဖြစ်နိုင်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးမျိုးတင့်လွင် ကဆိုပါတယ်။

ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးများအဖွဲ့ အတွင်းမှာ နောက်ထပ် ဝန်ကြီးများ အဖွဲ့ငယ် လေးတခု ထပ်ပြီး ဖွဲ့စည်း ထားသလား ဆိုတာမေး စရာ ဖြစ်နေကြောင်း ထိုင်း အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောပါတယ်။

သမ္မတဦးသိန်းစိန် ရဲ့ နောက်ကွယ်မှာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသေးတယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေကြတာမို့၊ ဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပိတ်ဆို့ အရေးယူမှု ဆိုင်းငံ့တာတွေ၊ နိုင်ငံတကာရဲ့ ထောက်ခံမှု ရလာတာတွေ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတာ တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း သဘောကျမှာ ဖြစ်ပြီး ဦးသိန်းစိန် နောက်မှာ ရပ်တည်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ တင်ပြချက်ကိုအင်္ဂါနေ့မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆွေးနွေးကြဖို့ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။