BBC navigation

ဝန်ကြီးတွေနဲ့ အမြင်တူတဲ့ ABSDF ဥက္ကဌဟောင်း

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 16:17 GMT

civil society ခိုင်မာမှ မြန်မာနိုင်ငံ ဒီမိုကရေစီ ခိုင်မာမယ်လို့ ဝန်ကြီးဦးစိုးသိန်းပြော

ပြည်ပကနေ ပြန်လည် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ ဥက္ကဌဟောင်းတွေ ဖြစ်ကြတဲ့ ကိုထွန်းအောင် ကျော်၊ ကိုမိုးသီးဇွန်အပါအဝင် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ တနင်္ဂနွေနေ့မနက်က တွေ့ဆုံခဲ့ ကြပါတယ်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးတွေ အတွက် ABSDF ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဘက်က ဘယ်လောက် အကူအညီ ပေးနိုင်တယ်။ အစိုးရပိုင်းက ဖွင့်ပေးလာတဲ့ အပေါ်မှာ ဘယ်လောက် လုပ်ပိုင်ခွင့် ရှိမလဲ ဆိုတဲ့ အမြင်တွေကို တင်ပြ ပြောဆိုခဲ့တယ်လို့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက် တွေ့ဆုံစဉ်မှာ ဝန်ကြီးတွေဘက်က ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲ ပုံစံမျိုးနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

civil society ကို ခိုင်မာ အားကောင်းအောင် လုပ်မှ မြန်မာနိုင်ငံမှာ ကြံ့ခိုင် တောင့်တင်းတဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောသွားတာအပေါ် သူ့အနေနဲ့ အတော် အံ့သြသွားခဲ့ရကြောင်းနဲ့ အမြင်တူသူတွေ အတူ တွဲလုပ်ခြင်းအားဖြင့် တိုင်းပြည် ပြောင်းလဲရေးကို တွန်းအားပေးနိုင်မှာ ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

တပါတီ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်တခုအနေနဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတဲ့အခါ အချိန်ယူရမှာ ဖြစ်တာကြောင့် တကြောင်း၊ အစိုးရ အဖွဲ့တွင်းမှာ ပြောင်းလဲလိုသူတွေ ရှိနေသလို မပြောင်းလဲလိုသူတွေလည်း ရှိနေတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွန်ဖို့လည်း လိုနေကြောင်း၊ ဒါ့ကြောင့် ABSDF ကျောင်းသား ခေါင်းဆောင်ဟောင်းတွေဘက်က ဆန္ဒမစောကြဖို့ ဝန်ကြီး ဦးအောင်မင်းက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

ဒီတွေ့ဆုံပွဲကို ABSDF ဥက္ကဌဟောင်း ဒေါက်တာ နိုင်အောင်၊ ဒေါက်တာ သောင်းထွန်း နဲ့ ဦးညိုအုန်းမြင့်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။